ထားဝယ်တွင် ကလစ်ဆိုင်ကယ်ရှားလာပြီး နှစ်ဆနီးပါးဈေးတက်

0
5166

ထားဝယ်ဒေသအတွင်း ထိုင်းနိုင်ငံထုတ် ၂၀၁၇ ခုနှစ်မော်ဒယ် အော်တိုဂီယာကလစ်ဆိုင်ကယ် ရှားလာပြီး နှစ်ဆနီးပါးဈေးတက်နေကြောင်း ထားဝယ်မြို့ရှိ ဆိုင်ကယ်ရောင်းဝယ်နေသူ အချို့ထံမှသိရသည်။

မန္တလေး၊ တောင်ကြီး အစရှိသည့် တိုင်းပြင်ပ ဆိုင်ကယ်ဝယ်သူများက အဆိုပါ မော်ဒယ်ကလစ်ဆိုင်ကယ်ကို အဝယ်များကြသည့်အတွက် ထားဝယ်ဒေသအတွင်း နည်းပါးလာကြောင်း ဆိုင်ကယ်ဝယ်ရောင်း လုပ်နေသူတစ်ဦးက ဆိုသည်။

ယင်းအခြေအနေကြောင့် ဆိုင်ကယ်ဈေးနှုန်းမှာလည်း ကျပ် ၈ သိန်းနီးပါး စျေးတက်လာသည်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် သုံးလခန့်က ထားဝယ်ဈေးကွက်အတွင်း ၂၀၁၇ ခုနှစ်ထုတ် ကလစ်ဆိုင်ကယ်တစ်စီးလျှင် ၁၇ သိန်းဝန်းကျင်မှ သိန်း ၂၀ ဝန်းကျင်သာ ပေါက်ဈေးရှိခဲ့သည်။

လက်ရှိတွင်မူ အတော်အသင့်သာကောင်းသည့် ယင်းဆိုင်ကယ်တစ်စီးလျှင် ၂၅ သိန်းဝန်းကျင်အထိ ဈေးမြောက်နေကြောင်း အထက်ပါ ဆိုင်ကယ်ဝယ်ရောင်းသမားက ဆိုသည်။

“အခုတလောတောင် အဲဆိုင်ကယ်တွေက ဈေးအရမ်းတက်လာတာ။ ဝယ်ဖို့လည်း တော်တော်လေးကို လိုက်ရှာရတယ်။ ရွှေရောင်ဂွေနဲ့ဆိုတော့ အထက်ဘက်ကလူတွေ အရမ်းကြိုက်ကြတယ်”ဟု ၎င်းက ပြောသည်။

အထက်ပါ မော်ဒယ်ကလစ်ဆိုင်ကယ်အပြင် ၂၀၁၅ ၊ ၂၀၁၆ နှင့် ၂၀၁၈ ခုနှစ်ထုတ် ကလစ်ဆိုင်ကယ်များကိုလည်း မန္တလေး၊ တောင်ကြီးမြို့များသို့ တင်ပို့ရောင်းချနေကြသည်။

ထားဝယ်ဈေးကွက်တွင် ယင်းမော်ဒယ် ဆိုင်ကယ်များလည်း ဈေးအနည်းငယ် တက်နေသော်လည်း ၂၀၁၇ မော်ဒယ်က ဈေးပိုတက်နေခြင်းဖြစ်သည်ဟု ထားဝယ်မြို့ရှိ ဆိုင်ကယ်ဝယ်ရောင်း လုပ်နေသူအချို့က ဆိုသည်။

လက်ရှိတွင် ထားဝယ်ဈေးကွက်အတွင်း ဈေးတက်နေသော်လည်း မန္တလေးနှင့် တောင်ကြီးမှဝယ်သည့်ဈေးမှာမတက်သည့်အတွက် တွက်ခြေမကိုက်တော့ကြောင်း ၎င်းတို့က ပြောသည်။

ထားဝယ်ဒေသရှိ ကလစ်အမျိုးအစားဆိုင်ကယ်များကို မန္တလေးနှင့်တောင်ကြီးမြို့ရှိ ဝယ်လက်များက လူမှုကွန်ရက် Facebook မှတစ်ဆင့် ဓာတ်ပုံပြကာ အရောင်းအဝယ် လုပ်နေကြခြင်းဖြစ်သည်။