ထားဝယ်တွင် တစ်ရက်အတွင်း ကိုဗစ်ကူးစက်ခံရသူ သုံးဦးသေဆုံး

0
3815

ထားဝယ်တွင် ယနေ့(အောက်တိုဘာ ၂၀) တစ်ရက်တည်း ကိုဗစ်နိုင်တင်းရောဂါပိုး ကူစက်ခံထားရသူ ၃ ဦးသေဆုံးသွားကြောင်း နာရေးကူညီမှုအသင်း-ထားဝယ်နှင့် ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့-ထားဝယ်ထံက သိရသည်။

ယနေ့ နံနက်ပိုင်း ၆ နာရီခန့်တွင် သေဆုံးသူတစ်ဦး၊ ၈ နာရီခန့်တွင် သေဆုံးသူတစ်ဦး၊ ညနေ ၄ နာရီခန့်တွင် သေဆုံးသူတစ်ဦးရှိကြောင်း နာရေးကူညီမှုအသင်း-ထားဝယ်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

“အခုကျွန်တော်တို့ ကိုဗစ်အလောင်းကို သင်္ဂြိုဟ်ပြီးပြန်ဆင်းလာပြီ ညနေ ၄ နာရီကျော်လောက်မှာ နောက်တစ်ယောက်ရှိတယ်ဆိုပြောတယ်၊ ယောကျ်ားကြီးတစ်ယောက်ဆုံးတယ်လို့ပြောတယ်” ဟု ဦးအောင်နိုင်ဦးက ပြောသည်။

မနက်ပိုင်းတွင် သေဆုံးသည့် ကိုဗစ်လူနာနှစ်ဦးတွင် တစ်ဦးမှာ ရေဖြူမြို့နယ်၊ ပိန်းရှောင်ရွာမှ အသက် ၈၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး နောက်တစ်ဦးမှာ ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်မှ အသက် ၆၇ နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ညနေပိုင်းတွင် သေဆုံးသည့်အမျိုးသားမှာ ထားဝယ်မြို့၊ ဆန်းချီမြို့သစ်ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး အသက် ၇၀ ကျော်ခန့်ရှိပြီဖြစ်ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့-ထားဝယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခု ကိုဗစ်ရောဂါဖြင့် သေဆုံးသူများမှာ အခြားရောဂါဖြစ်သဖြင့် ဆေးရုံလာပြရင်းမှ ကိုဗစ်ပိုးစစ်ဆေးရာ ပိုးတွေ့ရှိရခြင်းဖြစ်သည်ဟု ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၁၉ ရက်တွင် ကိုဗစ်ရောဂါပိုးစစ်ဆေးသူ ၂၂၅ ဦးတွင် ရောဂါပိုးတွေ့ရှိသူ ၁၄ ဦးရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ‌ထုတ်ပြန်ထားသည်။