ကမြောကင်းတံတားအသစ် ၂၀၂၃ နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်ရန် လျာထားဟုဆို

0
5106
ကမြောကင်းတံတား တည်ဆောက်ပြီးစီးပါက တွေ့မြင်ရမည့်ပုံ

ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသည့် ထားဝယ်မြစ်ကူးတံတား ‌(ကမြောကင်းတံတား) အသစ်ကို ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင်ဖွင့်လှစ်ရန် လျာထားကြောင်း စစ်ကောင်စီခန့် တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးက ဆိုသည်။

“၂၀၂၃ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ တစ်ခုခုလောက်မှာ ဖွင့်မှာပေါ့နော်” ဟု၎င်းကဆိုသည်။

လက်ရှိတွင် ကမြောကင်းတံတားထိပ် လောင်းလုံးမြို့နယ်ဘက်ခြမ်းရှိ ဗိုလ်မှူးကြီးဗထူး ကြေးရုပ်စိုက်ထူထားသည့် ဗထူးပန်းခြံကို လမ်းလုပ်ရန်အတွက် ဖျက်ထားသည်ကိုတွေ့ရကြောင်း ဒေသခံများကဆိုသည်။

ယင်းပန်းခြံဖျက်ထားသည့်နေရာတွင် ဗိုလ်းမှူးဗထူးကြေးရုပ်ထုကို အလယ်ဗဟိုထားပြီး အဝိုင်းပတ်ပုံစံ လမ်းဖောက်လုပ်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးကဆိုသည်။

“လမ်းအတွက်တော့ (‌ဗထူး) ပန်းခြံကတော့ နဲနဲတော့ပါသွားနိုင်တယ်။ (ဗိုလ်မှူးဗထူး) ရုပ်တုကိုတော့ မထိစေရဘူး။ လမ်းလုပ်ပြီးရင်တော့ ပန်းခြံလေးကိုပြန်လုပ်ပေးမှာပါ” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းပြီး ၁၅ ရက်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထားဝယ်အင်ဂျင်နီယာ စစ်ကြောင်းက ဦးဆောင်ပြီး “ကမြောကင်းတံတားအသစ် လူထုပန္နက်တင် မင်္ဂလာအခမ်းအနား” ဆိုင်းဘုတ်များဖြင့် ဆန္ဒပြချီတက်ပြီးနောက် သပိတ်ဦးဆောင်သူအချို့က ယင်းတံတားစီမံကိန်းအတွင်းတွင် ပန္နက်ရိုက်ကာ ဆန္ဒပြခဲ့ကြသည်။

ယခုဆောက်လုပ်နေဆဲ ကမြောကင်းတံတားအသစ်ကို ၂၀၁၉ ခုနှစ်တွင် NLD အစိုးရက ငွေကျပ်သန်းတစ်ထောင်ဖြင့် ဆောက်လုပ်ခွင့်ပြုထားခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ် အချက်အလက်အရ တံတားအသစ်မှာ ပေပေါင်း တစ်ထောင်ကျော်( ၁၁၀၀ပေ) ရှည်လျားပြီး ကားလမ်းအကျယ် ၂၈ ပေနှင့် လူသွားလမ်းတို့ပါဝင်သည်။

ထားဝယ်မြစ်ကိုဖြတ်ဆောက်ထားသည့် ကမြောကင်းတံတားအသစ်သည် ၁၉၇၅ ခုနှစ်က ဆောက်လုပ်ထားသော တံတားဟောင်း‌နှင့်ကပ်လျက် မျဉ်းပြိုင်ပုံစံဆောက်လုပ်ထားခြင်းဖြစ်သည်။

နှစ်ပေါင်း ၄၇ နှစ်သက်တမ်းရှိလာပြီဖြစ်‌သော လက်ရှိဖြတ်သန်းသွားလာနေသည့် တံတားဟောင်းကို ပြုပြင်ထိန်းသိမ်းပြီး အသုံးပြုမည်ဆိုပါက နောက်ထပ် နှစ်ပေါင်း ၅၀ မှ ၁၀၀ အကြားအထိ အသုံးပြုနိုင်သေးကြောင်း တံတားဦးစီးဌာ တည်ဆောက်ရေးအဖွဲ့(၄) ညွန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မိုးထွန်းက ၂၀၁၉ ခုနှစ်က ပြောဆိုခဲ့ဖူးသည်။

ကမြောကင်းတံတား‌သည် ထားဝယ်မြစ်တစ်ဘက်တစ်ချက်တွင်ရှိနေသည့် ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ပေးထားသည့် တစ်ခုတည်းသော တံတားတစ်စင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ကမြောကင်းတံတားတွင် ဂိတ်ချကာ ယနေ့အချိန်အထိ အစစ်အဆေးတင်းကျပ်လျက်ရှိသည်။