ထားဝယ်မြို့ လမ်းမကြီးများဘေးရှိ နေအိမ်များကို ခြံစည်းရိုးဆေးသုတ်ရန် ဖိအားပေးစေခိုင်း

0
4002
ပြီးခဲ့သည့်နှစ်များက ထားဝယ်မြို့ ဗိုလ်ချုပ်မြင်းစီးရုပ်အနီးတွင် ပလက်ဖောင်းဆေးသုတ်နေသည့် ပုံအဟောင်းဖြစ်သည်။

ထားဝယ်မြို့ အဓိကလမ်းမကြီးများရှိ နေအိမ်ခြံစည်းရိုးကို ဆေးမသုတ်ပါက အရေးယူမည်ဟု မြို့နယ် စည်ပင်သာယာရေးအဖွဲ့က စာထုတ်ညွှန်ကြားကာ ဖိအားပေးစေခိုင်းနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ခြံစည်းရိုး ဆေးသုတ်ခြင်းကို အောက်တိုဘာလ ၂၅ ရက်နေ့အပြီး ဆောင်ရွက်ရန် ဖော်ပြထားပြီး ပျက်ကွက်ပါက တိုင်းဒေသကြီး စည်ပင်သာယာရေးဉပဒေဖြင့် အရေးယူမည်ဟု ညွှန်ကြားစာတွင်‌ ဖော်ပြထားသည်။

ယင်းညွှန်ကြားစာကို အောက်တိုဘာလ ၁၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက လက်မှတ်ထိုးထားသည်။

လက်ရှိခြံစည်းရိုး ဆေးသုတ်ခိုင်းနေသည့်ကိစ္စမှာ ယခင်စစ်အစိုးရအဆက်ဆက် လုပ်ဆောင်ခဲ့သည့် ပုံစံအတိုင်းပင် ဖြစ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“(ခြံစည်းရိုး) ထုံးသုတ်တဲ့ တစ်ခေတ် ပြန်ရောက်နေပြီ”ဟု ၎င်းက ဆိုသည်။

နေအိမ်ခြံစည်းရိုးများအပြင် အစိုးရရုံး ခြံစည်းရိုးများတွင်လည်း ဆေးသုတ်နေသည်ကို တွေ့ရကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

ယခင်စစ်အစိုးရ လက်ထက်ကလည်း ၎င်းတို့၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဦး ခရီးစဉ်ရှိပါက ပလက်ဖောင်း၊ ခြံစည်းရိုးများကို ထုံးသုတ်အလှဆင်လေ့ရှိပြီး လမ်းဘေးဆိုင်များကို ဖျက်ခိုင်းလေ့ရှိသည်။

စည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်ထားသည့်စာတွင် လူကြီးမင်း၏ နေအိမ်အရှေ့ခြံစည်းရိုး ဆေးရောင်ဟောင်းနွမ်း နေသည့်အတွက် မြို့သာယာလှပမှုကို အနှောင့်အယှက်ဖြစ်စေသဖြင့် ဆေးသုတ်ရန် ဖော်ပြထားသည်။

ထိုအပြင် ကမျောကင်းတံတားအနီးရှိ ထန်းပင်တန်းကို ထုံးသုတ်နေပြီး ပလက်ဖောင်းအချို့တွင်လည်း ဆေးသုတ်နေသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ဆိုသည်။

ယင်းသို့လုပ်ဆောင်နေခြင်းမှာ  စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်းတစ်ဦးဦး၏ ခရီးစဉ်ရှိနိုင်သလို ပွင့်လင်းရာသီရောက်နေသည့်အတွက် ဆေးသုတ်ခိုင်းခြင်းလည်း ဖြစ်နိုင်ကြောင်း ဒေသခံများအကြား ပြောဆိုနေသည်။