ထားဝယ်အကျဉ်းထောင် ထောင်ဝင်စာပါဆယ်ပို့ခွင့် ရက်အကန့်အသတ်မရှိပိတ်

0
4220

ရန်ကုန် အင်းစိန်အကျဉ်းထောင်တွင် ဗုံးပေါက်ကွဲပြီးနောက် ယနေ့ မွန်းလွဲပိုင်းမှ စတင်ကာ ထားဝယ်အကျဉ်းထောင်တွင် ထောင်ဝင်စာ ပါဆယ်ပို့ခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်ကြောင်း ထောင်ဝင်စာပို့နေသူအချို့က ပြောသည်။

ယနေ့ အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းတွင် ထောင်ဝင်စာပို့ခဲ့သော်လည်း မွန်းလွဲပိုင်းမှ စတင်ကာ ထောင်ဝင်စာ ပို့ခြင်းကို ပိတ်လိုက်ခြင်းဖြစ်ကြောင်း ထောင်ဝင်စာပို့နေသည့် ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“မနက်တုန်းကတော့ ပုံမှန်အတိုင်းပဲရှိသေးတယ်။ ကျွန်တော် ထောင်ဝင်စာသွားပို့ပေးတုန်းက ပုံမှန်အတိုင်းပဲ ပို့လာတယ်။ အခု နေ့လယ်က ကိစ္စရှိလို့ အဲဒီနားကို ထပ်သွားတာ။ အင်းစိန်ထောင်မှာဖြစ်တာ ကျွန်တော် မသိသေး ဘူး။ ရှေ့မှာ စာပြားကပ်ထားတယ်။ ပါဆယ်ပိတ်ထားတယ်တဲ့။ ပြန်ပြီးလက်ခံမယ့်နေ့ကို ထပ်ပြီး ထုတ်ပြန်ပေးပါမယ် ဆိုပြီး စာကပ်ထားတယ်” ဟု ၎င်းက ဆိုသည်။

ထောင်ဝင်စာပို့ချိန်ကို နံနက် ၈ နာရီမှ ၁၀ နာရီအထိ လက်ခံပေးပြီး မွန်းလွဲပိုင်းတွင် ၂ နာရီမှ ၄ နာရီအထိ ထောင်ဝင်စာ ပါဆယ်များကို လက်ခံပေးကြောင်း ထောင်ဝင်စာပို့သူအချို့ထံမှ သိရသည်။

ယနေ့ နံနက် ၉နာရီ ၄၀ မိနစ်ခန့်တွင် အင်းစိန်အကျဉ်းထောင်၏ ထောင်ဘူးဝရှေ့ ထောင်ဝင်စာ ပါဆယ် လက်ခံသည့် နေရာတွင် ပါဆယ်ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ၈ ဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်း သတင်းများတွင် ဖော်ပြထားသည်။

ယင်းဖြစ်ရပ်ဖြစ်ပြီးနောက် မွန်းလွဲပိုင်းတွင် ထားဝယ်အကျဉ်းထောင်သို့ ထောင်ဝင်စာပို့ခွင့် ရက်အကန့်အသတ်မရှိ ပိတ်လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် ထားဝယ်ထောင် ထောင်ဝင်စာပါဆယ်ပို့ခွင့် ပိတ်ခြင်းမှာ အင်းစိန်ထောင် ဗုံးပေါက်မှုကြောင့် ဖြစ်နိုင်ကြောင်း ထောင်ဝင်စာပို့သူ အချို့က ခန့်မှန်းပြောဆိုသည်။

ထောင်ဝင်စာပို့ခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဟု ထောင်ဘူးဝတွင် ကြေညာထားပြီး မွန်းလွဲပိုင်းတွင် ထောင်ဝင်စာလာပို့သူများ ပို့ခွင့်မရဘဲ အိမ်ပြန်လာကြရကြောင်း နိုင်ငံရေးမှုဖြင့် ထောင်ကျနေသည့် သမီးအတွက် ထောင်ဝင်စာပို့ပေးနေသည့် ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အန်တီက မနက်ပိုင်းပို့တာများတယ်။ မနက်တုန်းက ပို့ပေးခဲ့တာ ရသေးတယ်။ ညနေပိုင်းကျတော့ ထောင်ဝင်စာ ပို့ခွင့် ပိတ်လိုက်ပြီတဲ့။ ထောင်ဝင်စာပို့နေတဲ့ အသိတစ်ယောက်က ဖုန်းဆက်ပြီးပြောလာတယ်။ ထောင်ဝင်စာ ပို့ဖို့လာတဲ့သူတွေ အများကြီးပဲ။ ပို့ခွင့်မရဘဲ အိမ်ပြန်သွားကြရတယ်လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

ထားဝယ်ထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်နောက်တစ်ဦးကလည်း မွန်းလွဲပိုင်းတွင် ပါဆယ်များကို လက်မခံတော့ဘဲ ပြန်လွှတ်နေကြောင်း ပြောသည်။

“ဘယ်နေ့အထိ ပိတ်မလဲ မသိသေးဘူး။ (ထောင်ထဲမှာ) စားရေးသောက်ရေး ခက်ခဲတော့မှာပဲ။ အားလုံးက ပါဆယ်ကိုပဲ မှီခို စားသောက်နေရတာ။ သူတို့ ကျွေးတယ်ဆိုတာက တာဝန်ကျေလောက်ပဲ။ နေ့လယ်ပိုင်း ပဲဟင်း တစ်မျိုးတည်းနဲ့ နေ့တိုင်း ဘယ်သူ စားနိုင်မလည်းဗျာ၊ ညနေဘက်ဆိုလည်း တချို့နေ့တွေဆို ဟင်းရွက်ဟင်းချို တမျိုးတည်းနဲ့ ဘယ်လိုစားမလဲ” ဟု ၎င်းကဆိုသည်။

ထောင်ဝင်စာပို့ခြင်းကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ခြင်းကြောင့် ထောင်အတွင်း အကျဉ်းကျနေသူတို့၏ စာရေးသောက်ရေး ကျန်းမာရေးကိစ္စလိုအပ်ချက်များအတွက် အခက်အခဲများစွာရှိလာနိုင်သည်ဟု ထောင်ဝင်စာပို့နေသူ အချို့က ပြောသည်။

ထောင်ဝင်စာပို့ရာနေရာသည် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့နေသော နေရာဖြစ်ပြီး  နိုင်ငံရေးအကျဉ်းသားများအတွက် လိုအပ်သောထောက်ပံ့မှုများကို ပေးပို့နိုင်သော တစ်ခုတည်းသော နေရာဖြစ်ကြောင်း အဆိုပါနေရာမျိုးကို စစ်ရေးပစ်မှတ်အဖြစ် မည်သည့်ဘက်မှ ဦးတည်တိုက်ခိုက်သည်ဖြစ်စေ၊ အဆိုပါဖြစ်စဉ်သည် စစ်အတွင်းလိုက်နာရမည့် ကျင့်ဝတ်များကို သွေဖယ်ခြင်း ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်)ကလည်း ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်သည်။

ယခုကဲ့သို့ ထောင်ဝင်စာပို့သည့်နေရာကို ဗုံးခွဲတိုက်ခိုက်မှုအပေါ်  မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးပေ။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ အဖွဲ့အစည်းများကမူ ယင်းလုပ်ရပ်ကို မည်သည့်အဖွဲ့က လုပ်သည်ဖြစ်စေ ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာနေကြသည်။

အင်းစိန်ထောင် ဗုံးပေါက်မှုတွင် အကျဉ်းထောင်ဝန်ထမ်းသုံးဦးပါဝင်ပြီး ကျန် ငါးဦးမှာ ထောင်ဝင်စာ လာတွေ့သူများဖြစ်ကြောင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။ သေဆုံးသူများတွင် ဗကသ ဗဟိုကော်မတီဝင်ဟောင်း ကိုဂျိမ်းစ် (ခေါ်) ကိုလင်းထက်နိုင်၏ မိခင် ဒေါ်ကြီးမြင့်လည်း ပါဝင်ကြောင်း သတင်းများတွင် ဖော်ပြသည်။