မြန်မာနိုင်ငံသို့ပြန်ရန် ဘန်ကောက်မှ မဲဆောက်သို့လာသော အလုပ်သမား ၃၀ကျော် ဖမ်းဆီးငွေညှစ်ခံရ

0
4021

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှ မြန်မာနိုင်ငံနယ်စပ် မဲဆောက်မြို့သို့ ကားဖြင့်လာသော မြန်မာအလုပ်သမားများ ဖမ်းဆီးငွေညှစ်ခံရကြောင်း အလုပ်သမားကူညီရေးအဖွဲ့အစည်း KTG Helping Hand အဖွဲ့ထံမှ သိရသည်။

မဲဆောက်အဝင် စစ်ဆေးရေးဂိတ်ရှိ ထိုင်းရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး လူဝင်မှုကြီးကြပ်ရေးရုံးသို့ ပို့ဆောင်ခဲ့သဖြင့် ငွေပေးကာ ပြန်ထုတ်ခဲ့ရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁၈ရက်နေ့တွင် အလုပ်သမား ၃၀ကျော်သည် မြန်မာနိုင်ငံသို့ ပြန်ရန်အတွက် ဘန်ကောက်မှ ကားဖြင့် မဲဆောက်မြို့သို့လာရာတွင် ယင်းသို့ကြုံတွေ့ရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမားအားလုံးတွင် ခရီးသွားအထောက်အထား၊ Passport စာအုပ်အစုံရှိသော်လည်း အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ လဝကရုံးတွင် တစ်နာရီကျော်ကြာ ထိန်းသိမ်းခံခဲ့ရကြောင်း KTG Helping Hand အဖွဲ့မှ အလုပ်သမား အရေးလှုပ်ရှားသူ ကိုသားကြီးက ပြောသည်။

ဖမ်းရသည့်အကြောင်းအရင်းကို မေးမြန်းရာ ထိုင်းအာဏာပိုင်များက တိကျသောအဖြေကို မပေးနိုင်ခဲ့ဟု ဖမ်းဆီးခံရသည့် အလုပ်သမားက ပြန်လည်ပြောပြကြောင်း ၎င်းက ဆိုသည်။

မဲဆောက်မြို့ နှစ်နိုင်ငံချစ်ကြည်ရေးတံတားအနီးရှိ လဝကရုံးတွင် အလုပ်သမားများနှင့် နီးစပ်ရာမိသားစုဝင် အသိမိတ်ဆွေများက ထိုင်းရဲတပ်ဖွဲ့များ တောင်းသော တစ်ဦးလျှင် ဘတ်ငွေ ၃၅၀၀ (ကျပ် ၃ သိန်းနီးပါး) ကို ပေးပြီးမှသာ ပြန်လွှတ်ပေးခဲ့ကြောင်း KTG Helping Hand အဖွဲ့ထံမှ သိရသည်။

“မြန်မာပြည်ပြန်မယ်လို့ပြောတာနဲ့ ကားပေါ်က အားလုံးဆင်းခိုင်းတယ်။ လဝကရုံးထဲ ဝင်တာနဲ့ ဖုန်းတွေ အသိမ်းခံရ တယ်။ အလုပ်သမားရုံးတွေကို တိုင်ကြားမှာစိုးလို့ ထင်တာပဲ။ နာရီပိုင်းအတွင်း သူတို့တောင်းတဲ့ ပိုက်ဆံပေးပြီး ပြန်လွှတ်ပေးမှပဲ ဖုန်းတွေပြန်ထုတ်ပေးတယ်” ဟု ကိုသားကြီးက ပြောသည်။

ယင်းသို့ ဖမ်းဆီးခံခဲ့ရရာတွင် ပါဝင်သည့် အလုပ်သမားတစ်ဦးက မဲဆောက်မြို့ရှိ KTG Helping Hand ရုံးထံ လာရောက်တိုင်ကြားခဲ့သဖြင့် ယင်းအဖြစ်အပျက်ကို သိရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံသားများ နယ်စပ်မှ အိမ်ပြန်သည်ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းပိုင်ခွင့်မရှိကြောင်း ကိုသားကြီးက ပြောဆိုသည်။

အထောက်အထားပြည့်စုံသူများကို ဖမ်းဆီးခြင်းသည် အလုပ်သမားအခွင့်အရေးကို ချိုးဖောက်ခြင်းသာဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အမှန်ဆိုရင် လက်ဗွေနှိပ် ဓါတ်ပုံရိုက်ပြီး ပြည်တော်ပြန်အဖြစ်နဲ့ မြန်မာနိုင်ငံအထဲ ပြန်ပို့လိုက်လည်းရတာပဲ။ သူတို့ နိုင်ငံရဲ့ ဥပဒေအတိုင်း ဒီလိုပိုက်ဆံပေးပြီး ပြန်ထွက်လာရတာကို တိုင်ဖို့ တရားစွဲဖို့ကလည်း အလုပ်သမား ၃၀ ကျော် စလုံးက အချိန်ပေးဖို့လိုတယ်လေ” ဟု ကိုသားကြီးက ပြောဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံရေးအခြေအနေအရ နယ်စပ်ဂိတ်များ ပိတ်ထားသဖြင့် လေယာဉ်မှအပ အခြားနည်းလမ်းဖြင့် တရားဝင်အိမ်ပြန်၍ မရသေးဘဲ နားလည်မှုဖြင့် ခိုးပြန်ခြင်းများသာ ရှိနေကြောင်း ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) မှ အလုပ်သမားတာဝန်ခံ ကိုဇော်က ဆိုသည်။

“အခုနေရပ်ပြန်နေတာက လေယာဉ်လမ်းကလွဲလို့ တရားဝင်ပြန်လို့မရဘူး။ အဲဒါကို ကြားကပွဲစားတွေကနေ တောမော (လဝက) ရုံးကနေမှ တစ်ဆင့် ပို့ဆောင်နေတဲ့ ခိုးလမ်းပဲရှိတာ။ ပြန်ရင်လည်း ဗီဇာတုံးတွေ ဘာတွေ ထုမသွားဘူးဆိုတော့ စာအုပ်အသေခံပြီး ထွက်ကြတာပဲရှိတယ်” ဟု ၎င်းက ပြောသည်။

ယင်းကြောင့် မြန်မာအလုပ်သမားများသည် Passport ၊ Work Permit စသော အထောက်အထားများ ပြည့်စုံနေ သော်လည်း နယ်စပ်မှ ပြန်လျှင် ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ ငွေညှစ်ခံရခြင်း စသည် ပုံစံမျိုးစုံကြုံနေခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။