ပုလော ပဝတ်ကုန်းရွာက စစ်မှုထမ်းဟောင်း၏ နေအိမ်ဗုံးခွဲခံရ

0
3784

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာရှိ စစ်မှုထမ်းဟောင်းတစ်ဦး၏ နေအိမ်ဗုံးခွဲခံရကြောင်း ဒေသခံများထံမှ သိရသည်။

အငြိမ်းစား အရာခံဗိုလ် ဆရာမှတ်ဆိုသူ၏ တစ်ထပ်တိုက်အိမ်သည် အောက်တိုဘာ ၁၇ ရက်နေ့တွင် ဗုံးခွဲခံရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အိမ်တစ်ဆောင်လုံး နေလို့မရအောင်ကိုဖြဲဖြဲစင် (တစ်စစီ) ဖြစ်သွားတယ်။ သိန်းရာချီအကုန်ခံပြီး ဆောက်ထားတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ဗုံးခွဲခံရသည့် တစ်ထပ်တိုက် နေအိမ်တွင် လူမနေထိုင်သည်မှာ လအတန်ကြာပြီဖြစ်သည့်အတွက် လူထိခိုက်မှု မရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“သူတို့က ပြောင်းပြီးနေနေကြတာကြာပြီ။ တစ်ရွာလုံးလည်း လူမရှိတော့ဘူး” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

ဆရာမှတ်သည် အငြိမ်းစား အရာခံဗိုလ်တစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်ကာ လက်ရှိအချိန်တွင် ရှောင်တိမ်းနေကြောင်း ဒေသခံများက ဆိုသည်။

ပဝတ်ကုန်းကျေးရွာတွင် နှစ်ဖက်တိုက်ပွဲမကြာခဏဖြစ်သည့်အတွက် ရွာသားများမှာ အိုးအိမ်ပစ်ပြီး နီးစပ်ရာ ကျေးရွာ များတွင် သွားရောက်နေထိုင်နေကြရသည်မှာ ၆ လခန့် ကြာနေပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်ကလည်း ယင်းကျေးရွာရှိ ဦးပေသီး ဆိုသူ၏ နေအိမ်လည်း ဗုံးခွဲရပြီး ပြိုကျ ပျက်စီးသွားခဲ့ သေးသည်။

ဦးပေသီးသည် စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်ပြီး ဗုံးပေါက်ချိန် နေအိမ်တွင် လူမရှိကြောင်း ဒေသခံများက ပြောသည်။