လောင်းလုံးတွင် ရဲဝန်ထမ်းဟောင်းတစ်ဦး ပစ်ခတ်ခံရ

0
4265

လောင်းလုံးမြို့နယ်က အငြိမ်းစားရဲဝန်ထမ်းဟောင်းတစ်ဦး အောက်တိုဘာလ ၁၈ ရက် မနက်ဝေလီဝေလင်းအချိန်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ကပြောသည်။

ပစ်ခတ်ခံရသူမှာ လောင်းလုံးမြို့နယ်အတွင်း နယ်ထိန်းတာဝန်ထမ်းဆောင်ဖူးသူ ရဲတပ်ကြပ်ကြီးဟောင်း ဦးချိုလွင်ဆိုသူဖြစ်ပြီး အာဏာမသိမ်းခင်ကတည်းက အငြိမ်းစားယူထားသူတစ်ဦးဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။

မနက်ဝေလီဝေလင်းအချိန် လက်ဘက်ရည်ဆိုင်များသို့ အီကြာကွေးလိုက်ပို့နေချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“သေနတ်ပစ်ခံရတယ်ဆိုတာဟုတ်တယ်။ သွေးအိုင်ထဲမှာလဲကျပြီးသေသွားတယ် ဆိုတာတော့မဟုတ်ပါဘူး။ ‌ဒဏ်ရာတော့ရတယ်။ ဒဏ်ရာကလည်း ကြီးကြီးမားမားရတာမျိုး မဟုတ်ပါဘူး” ဟု ဒေသခံတစ်ဦးကဆိုသည်။

၎င်းသည် အငြိမ်းစားယူပြီးနောက် ‌လောင်းလုံးမြို့နှင့်ကပ်လျက် သဗျာကျေးရွာတွင် ပေါက်ဆီ၊ အီကြာကွေး စသည့်မု့န်လုပ်ငန်း လုပ်ကိုင်နေခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

ရဲတပ်ကြပ်ကြီးဟောင်း ဦးချိုလွင်အား လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၎င်းသည် တော်လှန်ရေးကာလအစပိုင်း သပိတ်စစ်ကြောင်းများအား အကြမ်းဖက်ဖြိုခွဲရာတွင် ကူညီပါဝင်ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် စစ်ကြေးကောက်ခံပေးခြင်း၊ စစ်ကောင်စီအား လျို့ဝှက်သတင်းထောက်လှမ်းပေးခြင်း၊ လောင်းလုံးမြို့မဘောလုံးကွင်းတွင် ပျူစောထီးသင်တန်း ဖြစ်မြောက်ရေးအတွက် စည်းရုံးလှုံဆော်ပေးသူတစ်ဦးဖြစ်ခြင်း တို့ကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အငြိမ်းစားရဲတပ်ကြပ်ကြီးဖြစ်သူ ဦးချိုလွင်သည် ရဲဝန်ထမ်းဖြစ်စဉ်က ဒေသခံများနှင့် ရင်းနှီးကျွမ်းဝင်သူတစ်ဦးဖြစ်ပြီး လူသိများသူလည်းဖြစ်သည်။

“ရဲလူထွက်(ရဲကနေအငြိမ်းစားယူ)ပြီးမှာလည်း ကျွန်တော်တို့ရွာမှာတော့ သူကဒေသခံတွေနဲ့ တော်တော်တည့်တယ်။ တည့်အောင်ပေါင်းပြီးတော့ နေတာပေါ့နော်” ဟု သဗျာဒေသခံတစ်ဦးကဆိုသည်။

အဆိုပါပစ်ခတ်မှုအပြီးတွင် ‌လောင်းလုံးမြို့နှင့် သဗျာကျေးရွာအကြားတွင် စစ်ကောင်စီတပ်က စစ်ဆေးမှုအနည်းငယ်ပြုလုပ်ခဲ့သေးကြောင်း ယင်းလမ်းပိုင်းကိုဖြတ်သန်း သွားလာသူတစ်ဦးကပြောသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလကလည်း လောင်းလုံးမြို့မရဲစခန်းမှ ရဲဝန်ထမ်းဟောင်းတစ်ဦး လောင်းလုံး စစ်ပြဲသွားလမ်းပိုင်းတွင် ပစ်ခတ်ခံရပြီးသေဆုံးသွားခဲ့ဖူးသည်။