ပဲရစ်မြို့တွင် မိန်းကလေးငယ်တစ်ဦးကို ရုပ်ရှင်ဇာတ်လမ်းများထဲကကဲ့သို့ သတ်ဖြတ်၍စွန့်ပစ်

0
3916

အသက် (၁၂)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို သတ်ဖြတ်ပြီး ၎င်းနေထိုင်ရာ တိုက်ခန်းအဆောက်အဦခြံဝန်းတွင် ကုန်သေတ္တာပုံးထဲ ထည့်ကာ လာပစ်သွားသည့် အမှုကြောင့် ပဲရစ်တစ်မြို့လုံး ထိတ်လန့် တုန်လှုပ်သွားခဲ့ရကြောင်း BBC သတင်းက ဖော်ပြထားသည်။

လိုလာဟု အမည်ရသော သမီးငယ်လေးသည် ပုံမှန်အတိုင်း ကျောင်းသွားတက်ခဲ့ပြီးနောက် နေ့လယ်ခင်း အိမ်ပြန်မလာသည်မှ စ၍ သူမ၏ ဖခင်ဖြစ်သူက စတင် သတိထားမိသွားခြင်း ဖြစ်သည်။

ညနေခင်းသို့ ရောက်သောအခါ ထွင်းဖောက်မြင်ရသော ပလတ်စတစ်ကုန်သေတ္တာ တစ်ခုကို ကောင်မလေး၏ ဖခင် စီမံခန့်ခွဲသူအဖြစ် အလုပ်လုပ်ရာ တိုက်ခန်းနေရာတွင် တွေ့ရှိခဲ့ရသည်။

အဆိုပါ သေတ္တာပုံးထဲတွင် ဖုံးအုပ်လျက် လိုလာ၏ ရုပ်အလောင်းကို တွေ့ရှိရသည်။ သူမ ၏ လက်နှင့် ခြေများကို ကြိုးတုပ်ထားပြီး လည်ပင်းတွင် ပြတ်ရှရာကို တွေ့ရှိခဲ့ရသည်။

သေဆုံးသူ ဆယ်ကျော်သက် မိန်းကလေးသည် အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးရခြင်း ဖြစ်ကြောင်း စစ်ဆေးမှုများအရ တွေ့ရှိရသည်။ သေဆုံးသူ၏ ခြေထောက်တွင် စာရေးထားပြီး ခြေထောက်တစ်ဖက်တွင် “0” ဟု ရေးထားကာ နောက်တစ်ဖက်တွင် “1” ဟု ရေးထားသည်။

ရဲတပ်ဖွဲ့က သံသယရှိသူ အယ်ဂျီးရီးယားနွယ်ဖွါး အသက် (၂၄)နှစ်အရွယ် အမျိုးသမီး တစ်ဦးကို ဖမ်းဆီးထားကြောင်း သတင်းများက ဖော်ပြထားသည်။

တိုက်ခန်းအိမ်ရာ၏ လုံခြုံရေးကင်မရာများတွင် တွေ့ရှိချက်အရ အဆိုပါ အမျိုးသမီးသည် လိုလာ နှင့်အတူ ပြီးခဲ့သည့် သောကြာနေ့က အိမ်ရာ အဓိက တံခါးသို့ ဝင်လာခဲ့သည်ကို တွေ့ရှိထားရသည်။