နိုက်ဂျီးရီးယား ရေဘေးကြောင့် လူ ၆၀၀ ကျော်သေဆုံး

0
2850

လတ်တလော ဖြစ်ပွါးလျက်ရှိသည့် နိုက်ဂျီးရီးယား ရေဘေးသည် ကြီးမားသော သဘာဝဘေးဒဏ်အဖြစ် တိုင်းပြည်ကို သက်ရောက်လျက်ရှိရာ ပြည်နယ် အများအပြားသည် သတိပေးချက်များ ရှိလင့်ကစား ကောင်းမွန်စွာ ပြင်ဆင်ထားနိုင်ခြင်း မရှိကြောင်း သဘာဝဘေးဒဏ်စီမံခန့်ခွဲရေး ဝန်ကြီးက ပြောကြားသည်။

အနောက်အာဖရိက နိုင်ငံတွင် ဆယ်စုနှစ်အတွင်း အဆိုးဝါးဆုံး ရေလွှမ်းမိုးမှုကြုံနေရပြီး လူ ၆၀၀ ကျော် သေဆုံး ခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။

လူဦးရေ ၁ ဒသမ ၃ သန်းကျော် နေရပ်စွန့်ခွါတိမ်းရှောင်နေရပြီး အိမ်ခြေ ၂ သိန်းကျော် ပျက်စီးသွားသည်။

ရေလွှမ်းမိုးမှုသည် နိုဝင်ဘာလ အကုန်အထိ ဆက်လက်ဖြစ်ပွါးနေဖွယ်ရှိသည်။

နိုက်ဂျီးရီးယားနိုင်ငံတွင် နှစ်စဉ် ရေလွှမ်းမိုးသည့် ရာသီဥတုရှိပြီး ယခုနှစ်သည် ပုံမှန်နှစ်များထက် သိသိသာသာ ဆိုးဝါးခဲ့သည်။

ပုံမှန်မဟုတ်သော မိုးရေချိန်မြင့်မားမှုနှင့် ရာသီဥတုဖောက်ပြန်ခြင်းများကြောင့် ယခုကဲ့သို့ ဖြစ်ပွါးရခြင်း ဟု အစိုးရက ပြောကြားထားသည်။

စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းနှင့် အခြေခံအဆောက်အဦ မလောက်င ခြင်းတို့က ထိခိုက်ပျက်စီးမှုများကို မြင့်တက်စေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။