တစ်လတာကာလ ဘတ်၊ ရွှေ ပေါက်ဈေး အပြောင်းအလဲ

0
3535

ထိုင်းဘတ်နှင့် ရွှေဈေးသည် ပြီးခဲ့သည့် တစ်လတာကာလအတွင်း အတက်အကျ အနိမ့်အမြင့်ရှိခဲ့သော်လည်း အလှုပ်အခတ်နည်းခဲ့သည်။

တနင်္သာရီတိုင်းသားများ၏ နေ့စဉ်လူမှုစီးပွားဘဝတွင် အရေးပါသည့်အတွက် စက်တင်ဘာလ ၇ ရက်မှ အောက်တိုဘာလ ၇ ရက်နေ့အထိ ထိုင်းဘတ်နှင့် ရွှေပေါက်ဈေး အပြောင်းအလဲများကို စုစည်းတင်ဆက်လိုက်သည်။

အဆိုပါတစ်လတာကာလအတွင်း  အခေါက်ရွှေဈေးတန်းမှာ အကျဘက်တွင်သာ ရှိနေခဲ့ပြီး တစ်ကျပ်သားလျှင် သိန်းသုံးဆယ်အောက် ပြန်ရောက်သွားသည်

စက်တင်ဘာလ ၇ ရက်နေ့တွင် ကျပ်သိန်း ၃၀ စွန်းစွန်းဖြင့် ဈေးဖွင့်ခဲ့ပြီးနောက် ၁၅ ရက်အကြာတွင် တစ်ကျပ်သားလျှင် ငွေကျပ်နှစ်သိန်းကျော် ထပ်ကျသွားခဲ့သည်။

ထားဝယ်ဈေးကွက်အတွင်း စက်တင်ဘာလ ၂၁ ရက်နေ့ပေါက်ဈေးမှာ  တစ်ကျပ်သားလျှင် ၂၈ သိန်း ၃ သောင်းဖြစ်သည်။

ထိုနောက် စက်တင်ဘာလကုန်တွင် ရွှေဈေးထပ်မံထိုးကျသွားပြီး တစ်ကျပ်သားလျှင် နှစ်ဆယ့်ငါးသိန်းခွဲဝန်းကျင်သာ ရှိတော့သည်။

ယင်းကာလနောက်ပိုင်းတွင်လည်း ရွှေဈေးမှာ ၂၆ သိန်းနှင့် ၂၇ သိန်း ၅ သောင်းကြားတွင်သာ အလှုပ်အခတ်ရှိခဲ့သည်။

ပြီးခဲ့သည့် တစ်လတာကာလသည် ရွှေဈေးအတက်အကျ ကြီးကြီးမားမား မရှိခဲ့သော်လည်း အလှုပ်အခတ်များသည့် ကာလဟု ဆိုနိုင်ပေသည်။

ထိုင်းဘတ်ဈေးလည်း အထက်ပါကာလတွင် ရွှေဈေးနှင့်အတူ အကျဘက်တွင်သာ ဈေးအီနေသည်။

အောက်တိုဘာလ ၇ ရက်နေ့မှ ၁၅ ရက်နေ့အထိ နှစ်ပတ်တာအတွင်း ထိုင်းတစ်ဘတ်လျှင် ကျပ် ၉၀ တန်းတွင်ရှိနေပြီးနောက် နောက်ရက်တွင် တဖြည်းဖြည်းကျလာသည်။

ယင်းကာလနောက်ပိုင်းတွင် ထိုင်းငွေတစ်ဘတ်လျှင် ကျပ် ၇၀ ကျော်တွင်တန့်နေပြီး အလှုပ်အခတ်နည်းနေခဲ့သည်။

အချုပ်အားဖြင့် အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ၂၆ သိန်းနှင့် ၂၇ သိန်းကြား ဈေးပေါက်ခဲ့သည့် အတက်အကျမှာ ကျပ်သောင်းဂဏန်းသာ ရှိနေခဲ့သည့် ကာလဖြစ်သည်။

ထိုင်းဘတ်ဈေးမှာလည်း တစ်ဘတ်လျှင်  ငွေကျပ် ၇၀ နှင့် ၈၀ ကျပ်ကြားတွင် အတက်အတက်အကျ ဖြစ်နေခဲ့ပေသည်။