စံချိန်တင်တက်လာတဲ့ ကော့သောင်းက မီတာခ

0
3991

ကော့သောင်းမြို့တွင် ဖိုးသီးချိုကုမ္ပဏီက ဒီဇယ်ဆီသုံးအင်ဂျင်ဖြင့် လျှပ်စစ်မီးဖြန့်ဝေသည်။ ဖိုးသီးချိုသည် လျှပ်စစ်ဌာနတွင်တင်ဒါအောင်ပြီး ရပ်ကွက်အများစုကို ဖြန့်ဖြူးနေပြီး သီးသန့်ပုဂ္ဂလိကအစီအစဉ်ဖြင့်လည်း ရပ်ကွက်နှစ်ခုကို ဖြန့်ဖြူးလျက်ရှိသည်။

လျှပ်စစ်ဌာနတွင် တင်ဒါအောင်ပြီး ဖြန့်ဖြူးခြင်းကို ဒေသခံတို့က EPC မီးဟုခေါ်ဆိုကြပြီး ပုဂ္ဂလိက အစီအစဉ်ဖြင့် ဖြန့်ဖြူးခြင်းကို ဖိုးသီးချိုမီးဟု ဒေသခံတို့က သုံးနူန်းကြသည်။ ဈေးနန်းမှာလည်းတူညီမှုမရှိပေ။ EPC မီးက ဈေးသက်သာပြီး ဖိုးသီးချိုမီးက ဈေးကြီးလေ့ရှိသည်။

ကော့သောင်းမြို့တွင် လျှပ်စစ်ဖြန့်ဖြူးပေးနေသည့် မီးလိုင်းနှစ်ခုရှိပြီး လက်ရှိအချိန်တွင် ယင်းလိုင်းနှစ်ခုစလုံးအား ဖိုးသီးချိုကုမ္ပဏီမှ တာဝန်ယူကာဖြန့်ဖြူးပေးနေကြောင်း ယင်းကုမ္ပဏီထံမှသိရသည်။

၂၀၂၂  ဖေဖော်ဝါရီက တစ်ယူနစ်ကျပ် ၇၀၀ ရှိပြီး မတ်လတွင် ၉၅၀ ကျပ်သို့တိုးမြှင့်ခဲ့ရာမှ တဖြည်းဖြည်း စျေးဆက်တိုက် တက်လာခြင်းဖြစ်သည်။

ဖိုးသီးချို ကုမ္ပဏီမှ ပြီးခဲ့သည့်လက(စက်တင်ဘာ) တစ်ယူနစ်လျှင် ၁၈၀၀ ကျပ်ဖြင့်ကောက်ခံခဲ့ပြီး EPC(အစိုးရ)လျှပ်စစ်မှာ တစ်ယူနစ် ၁၂၅၀ နှုန်းဖြင့် ကောက်ယူနေသည်။

ကော့သောင်းမြို့၏ လျှပ်စစ်မီတာခ အလွန်အမင်းစျေးကြီးနေမှုကြောင့် ကော့သောင်းဒေသခံများမှာ နေ့စဉ်လူမှုဘဝတွင် အခက်အခဲများ ရင်ဆိုင်နေကြရသည်။

ယင်းအခြေအနေများကို ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ဖော်ပြပေးလိုက်ခြင်းဖြစ်သည်။

“ယူနစ် ၄၀ လောက်သုံးတာကို အနည်းဆုံး ၈၀၀၀၀ ကျော်ပေးနေရတယ်”

ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်မှ ဒေါ်သက်သက်ချို

DW – ကော့သောင်းမှာ လျှပ်စစ်မီတာ တစ်ယူနစ်ကို ဘယ်လောက်ပေးရလဲရှင်

ဖြေ – ၁၈၀၀ ဖြစ်နေတယ်။ ၁၈၀၀ ဖြစ်နေတာ၂ လဖြစ်နေပြီ။ အရင်က ၁၅၀၀ လောက်ရှိတယ်၊ ၂၀၂၀ အထိ NLD အစိုးရလက်ထက်တုန်းကတော့ ၅၀၀ တွေဘာတွေလောက်ပဲ။ အဲကနေမှ ၇၀၀ တွေဘာတွေဖြစ်လာတာ။ ဖြည်းဖြည်း ဖြည်းဖြည်း တက်လာတာ။

DW – ပုဂ္ဂလိက ကပေးတဲ့ ၂၄ နာရီမီးလားရှင့်။

ဖြေ – ဖိုးသီးချိုကပေးတဲ့ မီးပါ။

DW – ဒေါ်ဒေါ်တို့အိမ်မှာ တစ်လကို မီတာခ ဘယ်လောက်ကျလဲရှင့်

ဖြေ – အရင် တစ်ယူနစ် ၅၀၀ လောက်ပေးရတုန်းကဆိုရင် တစ်လကို ဘတ် ၈၀၀ လောက်ကျတယ်။ အဲတုန်းက ဘတ်နဲ့ ရှင်းရတာကိုး၊ ဘတ်ဈေးနဲ့တွက်ရင် မီတာခ တစ်လ လေးသောင်း၊ ငါးသောင်း အများဆုံးပဲ။ အဲတုန်းက စိတ်ကြိုက်သုံးပေါ့နော်။ ဒေါ်ဒေါ်တို့အိမ်မှာ တစ်လကို ယူနစ် ၂၀၀ ကျော်လောက်သုံးတယ်၊ ဒေါ်ဒေါ်တို့မှာ ဈေးရောင်းနေတယ်ဆိုတော့ သားငါးတွေထည့်တဲ့ ရေခဲသေတ္တာတစ်လုံးရှိတယ်။ နောက်ပြီး အိမ်မှာ သုံးနေတာက ရေခဲသေတ္တာကတစ်လုံး၊ ပန်ကာက ၃ လုံးလောက်ရှိတယ်၊ TV တွေရော၊ ထမင်းဟင်းချက်တာရောပေါ့နော်။ မီတာခက တစ်ယူနစ်ကို ၁၅၀၀ ဖြစ်လာတည်းက တစ်လကို သုံးစွဲယူနစ်က ၂၀၀ ကျော်ရှိတယ်ဆိုတော့ တစ်လတစ်လကို ၁၇၀၀၀၀ ကျပ်၊ ၁၈၀၀၀၀ ကျပ်အထိ မီးတာခပေးရတယ်။

အခုနောက်ပိုင်း မီတာခက ဈေးတအားကြီးလာတာဆိုတော့ အားလုံးပြန်လျှော့လိုက်တယ်။ အဲ့တည်းကပဲ မီးသုံးတာတွေ အားလုံးလျှော့လိုက်တယ်။ ရေခဲသေတ္တာလည်း မသုံးတော့ဘူး။ TV လည်း အရင်ကလို ၂၄ နာရီမဖွင့်တော့ဘူး။ ဖွင့်ဖြစ်တဲ့ အခါမှ ဖွင့်တယ်။ ထမင်းဟင်းဆိုလည်း လျှပ်စစ်နဲ့ မတည်စားတော့ဘူး။ ပန်ကာဖွင့်တာနဲ့ မီးဖွင့်တာလောက်ပဲ သုံးတော့တယ်။ အားလုံးလျှော့ချလိုက်တာတောင် သုံးစွဲယူနစ်က တစ်လကို ၄၀ ကျော် ၅၀ ယူနစ်လောက်ရှိတယ်။ အခုက တစ်လကို ၈၀၀၀၀ ကျပ်လောက် ကျတယ်။

အရင်က စိတ်ကြိုက်သုံးတာတောင် နည်းနည်းပဲ ပေးရတယ်၊ အခုက အသုံးနည်းတာတောင် ပေးရများနေတယ်ဆိုတော့ ဒေါ်ဒေါ်တို့မှာ လိုက်ခြွေတာနေရတယ်။ မီတာလခပေးရများလို့ပဲ အခက်အခဲဖြစ်နေတာပေါ့။ အားလုံးကိုပဲ လိုက်ခြွေတာနေရတယ်။ အခက်အခဲတွေလည်းရှိတယ်လေ၊ တစ်လကို တစ်သိန်းကျော်၊ တစ်သိန်းခုနှစ်သောင်းပေးရပြီဆိုကတည်းက မနည်းဘူးလေ။ အဲဒီပဏာမဟာ လူတစ်ယောက်ရဲ့ လုပ်အားခ တစ်လစာလောက်ရှိတယ်။

အရင်ကလိုလည်း မီးမသုံးဘူး၊ ထမင်းတောင် လျှပ်စစ်မီးနဲ့ မတည်စားတော့ဘူး၊ TV ဆိုလည်း မဖွင့်ဘူး၊ မီးတောင် အိမ်ခန်းထဲမှာ ဆိုလာမီးတွေ ထွန်းထားတယ်၊ မဖြစ်မနေလောက်ပဲ ဖိုးသီးချိုကပေးတဲ့ လျှပ်စစ်မီးကို ထွန်းဖြစ်တယ်။ အားလုံးခြွေတာလိုက်တယ် သမီး။ ညဘက်ကို ပန်ကာ နည်းနည်းပါးပါး ဖွင့်တာရှိတယ်။ အဲဒါတောင် တစ်လကို ၈၀၀၀၀ လောက်ကျနေသေးတယ်။ ရေခဲသေတ္တာတွေဆိုလည်း ဖြုတ်ပစ်လိုက်ပြီ။ တစ်ယူနစ်ကို ၁၅၀၀ ဖြစ်ပြီးတာနဲ့ပဲ ဖြုတ်ပစ်လိုက်တယ်။

DW –  ဈေးရောင်းပစ္စည်းတွေ ထည့်တဲ့‌ရေခဲသေတ္တာကို မသုံးတော့ဘူး၊ ဖြုတ်ပစ်လိုက်တယ်ဆိုတော့ ဘာကြောင့် ဖြုတ်လိုက်တာလဲ၊ မီတာခနဲ့ မကိုက်လို့လား

ဖြေ – ဟုတ်တယ်၊ မီတာခပေးရတာနဲ့ ပြန်ရောင်းလို့ရမယ့်အမြတ်နဲ့ မကိုက်လို့ ဖြုတ်ပစ်လိုက်တာ၊ မသုံးတော့တာ။

DW – မီတာခ ပေးရများလာတာနဲ့ ပက်သက်ပြီး ကိုယ့်ရဲ့ မိသားစုစားဝတ်နေရေးနဲ့ စီးပွားရေးအပေါ် ထိခိုက်မှုရှိလား၊ ဘယ်လို သက်ရောက်မှုတွေဖြစ်လာလဲ

ဖြေ – ထိခိုက်တာပေါ့၊ အားလုံးထိခိုက်တယ်၊ စီးပွားရေးလည်း ထိခိုက်တယ်၊ စားဝတ်နေရေးလည်း အားလုံးထိခိုက်တယ်။ ဘာလို့လဲဆို ကိုယ်သုံးများလို့ ပေးရများတယ်ဆိုပေမယ့် ကိုယ်ကတော့ မီးသုံးစွဲတာကို ခြွေတာလိုက်တာပဲ၊ ဒါပေမဲ့ ထားဝယ်နဲ့ စာရင် ဒေါ်ဒေါ်တို့မှာ အများကြီး အကုန်များနေတာပေါ့။ အခုဆို ယူနစ် ၄၀ လောက်သုံးတာကို အနည်းဆုံး ၈၀၀၀၀ ကျော်ပေးနေရတယ်ဆိုတာ မနည်းကွာနေတယ်လေ၊ စီးပွားရေးက အရင်ကလို ရှာလို့မလွယ်ဘူး။ အရင်ကဆို ရှာလို့လွယ်တယ်၊ အားလုံးက ပင်ပန်းနေကြတဲ့လူတွေချည်းပဲ ခက်ခဲနေကြတဲ့ လူတွေချည်းပဲဆိုတော့လေ။

DW –  ကုန်စုံဆိုင်ရောင်းတာကရော တစ်နေ့ ရောင်းအားဘယ်လောက်ရလဲရှင့်။

ဖြေ – ရောင်းအားက ဒေါ်ဒေါ်တို့က အရင်ကဆို လမ်းလည်ရောင်းတာနဲ့ အိမ်မှာထိုင်ရောင်းတာနဲ့ဆို တစ်နေ့ကို လေးငါးသိန်းလောက်ရှိတယ်။ အခုနောက်ပိုင်းမှာတော့ တအားကို ကျဆင်းလာတယ်။ လမ်းလည်ပြီးတော့လည်း မရောင်းတော့ဘူး။ အခုဆို လမ်းလည်မရောင်းတာ နှစ်လ သုံးလလောက်ရှိပြီ။ လမ်းလည်ရောင်းတာ ဈေးလည်းရောင်းရအေးလာတယ်။ စက်သုံးဆီဈေးကလည်း တစ်လီတာ ၃၀၀၀ ကျော်တွေလိုက်ဖြစ်လာတယ်ဆိုတော့ လမ်းလည်ရောင်းတာကို နားပစ်လိုက်တယ်။ အခု အိမ်မှာလောက်ပဲရောင်းတာက တစ်နေ့ကို တစ်သိန်းလောက်ပဲရှိတယ်။

DW – လျှပ်စစ်မီတာခဈေးကြီးလို့ မီးမယူတဲ့လူတွေရောရှိလားရှင့်။

ဖြေ – မီးမယူတဲ့လူတော့ မရှိဘူး။ မီတာခမပေးဆောင်နိုင်လို့ မီးလာဖြတ်ခံရတာတို့တော့ ရှိတယ်။ မီးဖြတ်ခံပြီး နေနေရတာတွေရှိတယ်။ မီးမရှိဘဲနေလည်း မရဘူးဆိုတော့ အဲလိုပဲ ရှာကြံပြီးတော့ ပိုက်ဆံရတဲ့အခါလည်း သွားသွင်းပေးလိုက်တာပေါ့၊ တစ်ခါတလေလည်း မီတာကြေးသွင်းဖို့ ရက်လွန်သွားတာတွေရှိတယ်။ အဲဒီအခါ မီးဖြတ်ခံရရင် အဲလိုပဲ ရှာကြံပြီးသွားသွင်းပေးရတာ မျိုးတွေတော့ရှိတာပေါ့၊ သွားသွင်းပေးလိုက်ရင် မီးပြန်လာဆက်ပေးတာတို့ဘာတို့တော့ ရှိတာပေါ့။ တော်တော်များများရှိတယ်၊ အဲလိုမျိုးတွေက လကုန်နဲ့ မီတာခမပေးနိုင်ရင် မီးလာဖြတ်လိုက်တာတွေရှိတယ်။ ရက် ၂၀ ဆိုလည်း ရက် ၂၀ ပေါ့ ၂၅ ရက်ဆိုလည်း ၂၅ ရက်အတွင်း လာပေးပေါ့နော် အဲဒီအတောအတွင်း လာမသွင်းရင် မီးဖြတ်မယ်ဆိုတာပေါ့လေ။

ဒေါ်ဒေါ်တို့မှာလည်း အဲလို အခက်အခဲတွေဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဈေးရောင်းနေတိုင်းလည်း အဆင်မပြေဘူး သမီး၊ ဒေါ်ဒေါ်တို့လည်း အခြေခံလူတန်းစားတွေပဲလေ၊ ဒီကရောင်း ဒီကပြန်ဝယ်စားနဲ့ အဲလိုတွေပဲဆိုတော့လေ တွေ့ရတယ်၊ ၁၇၀၀၀၀ – ၁၈၀၀၀၀ ပေးရတဲ့အချိန်တွေတုန်းကဆို တော်တော်ကို ရုန်းရတယ်။ တခါတလေ မီးလာဖြတ်လည်း ခံရတယ်။ ဒေါ်ဒေါ်တို့မှာ မီးမရှိရင်လည်း နေလို့မရဘူး။ ဘာလို့လဲဆိုတော့ သားငယ်တွေလည်းရှိတယ်။ လူကြီးတွေလည်းရှိတယ်။ သက်ကြီးရွယ်အိုတွေလည်းရှိတယ်။ ဒေါ်ဒေါ်မှာ ရတဲ့နည်းနဲ့ရှာကြံပြီး သွားသွင်းရတယ်။ ဒေါ်ဒေါ်တို့ ကိုယ်တိုင် အဲလိုမျိုးကြုံရတယ်။

ကော့သောင်းမှာ ပန်းရံလုပ်တဲ့ ယောကျ်ားတစ်ယောက်ကို တစ်ရက်ကို တစ်သောင်းကျော်ရတယ်။ လုပ်အားခဈေးက ထားဝယ်နဲ့ အတူတူပဲ လုပ်ခလစာဈေးရှိတယ်။ လခစားဆိုလည်း လူတစ်ယောက် တစ်သိန်းကျော်ပဲ ဝင်ငွေရှိတယ်။ တော်ရုံတန်ရုံလူတွေဆို ဒီမီတာခဈေးနဲ့ တော်တော်လေးကို ရုန်းရတယ်။

DW – ကော့သောင်းမီတာခက ထားဝယ်နဲ့စာရင် ဈေးအရမ်းကြီးတယ်ပေါ့နော်၊ ထားဝယ်မှာ တစ်ယူနစ်ကို ၂၃၀ ကျော်ကနေ အခုဆို တစ်ယူနစ် ၄၀၀ ကျော်ဖြစ်လာတယ်ပေါ့နော်၊ ဒီပမာဏက ကော့သောင်း မီတာတစ်ယူနစ်ဈေးနဲ့ နှိုင်းစာရင် အများကြီးကွာဟနေတယ်။ အဲလို ဈေးနှုန်းကွာဟမှုအပေါ် ပေးရတဲ့အပေါ် စိတ်ထဲ ဘယ်လို ခံစားရလဲ၊ ဒီကိစ္စနဲ့ပက်သက်ပြီးတော့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ မီးပေးသူတွေကို ဘာပြောချင်သလဲရှင့်။

ဖြေ – ဈေးလျော့လေ ကောင်းလေပေါ့နော်၊ လျှပ်စစ်မီးဆိုတာက လူတိုင်းသုံးနေတဲ့ အရာမဟုတ်လား၊ လူတိုင်း လက်လှမ်းမီနိုင်တဲ့‌ ဈေးတန်းတခုဖြစ်လေ ကောင်းလေပေါ့နော်။

DW – ကျေးဇူးတင်ပါတယ်။

“ကော့သောင်းမှာ ပိုက်ဆံမရှိရင် အိမ်သာတက်ဖို့တောင်မလွယ်ဘူး”

ကော့သောင်းမြို့ တစ်နိုင်တစ်ပိုင် ပရိဘောဂလုပ်ငန်းလုပ်ကိုင်သူတစ်ဦး

DW – ကော့သောင်းမြို့မှာ လက်ရှိသုံးစွဲနေရတဲ့ လျှပ်စစ်မီတာခ နှုန်းထားဘယ်လောက်ရှိလဲ။

ဖြေ – ကျွန်‌တော်တို့ဆီမှာတော့ ၁၄၈၀ ( ကျပ်) ပေးရတယ်။ ကျွန်မတို့က EPC ဆီမှာယူတာဆိုတော့လေ။ တောင်နောက်ဘက်မှာတော့ ၁၈၀၀ (ကျပ်) လောက်ရှိတယ်လို့ပြောသံကြားရတယ်။ တစ်ယူနစ်ကိုလေ။ သူတို့က ဖိုးသီးချိုမီးဆိုတော့ ဈေးပိုကြီးတယ်။

DW – မြန်မာနိုင်ငံမှာ‌ဆို တနင်္သာရီတိုင်းက မီးတာခ အရမ်းဈေးကြီးတဲ့ တိုင်းထဲမှာပါတယ်ပေါ့နော်။ အဲဒီအထဲမှာကိုမှ ကော့သောင်းက ဈေးအကြီးဆုံးဖြစ်နေတယ်။ အဲဒီအပေါ်မှာ ဘာများပြောချင်တာရှိလဲ။

ဖြေ – ကျွန်‌တော်တို့မြို့က ဟိုးအရင်ကတည်းကလည်းဈေးကြီးတာပဲ။ တစ်ခြားမြို့တွေနဲ့စာရင်။ ထားဝယ်မှာဆိုရင် သုံးလေးရာလောက်ပဲပေးရတယ်။ အဲဒါတောင်မှ အခုဈေးတက်လာလို့ အဲလောက်ပဲပေးရတာ။ လျှပ်စစ်မီးကိစ္စပြောတိုင်းမှာ ကျွန်တော်တို့မြို့အကြောင်း ထည့်ပြီးပြောလေ့မရှိဘူး။ အမြဲတမ်းကျန်ခဲ့တယ်။ ခွဲခြားခံရတယ်။ အခုဆိုပိုဆိုးတာပေါ့။ တစ်လတစ်လကို သိန်းချီပြီးပေးနေရတယ်။ ကျွန်တော်က ပရိဘောကလုပ်တာဆိုတော့ တစ်လကို (ယူနစ်) တစ်ရာ‌တွေ တစ်ရာကျော်တွေကျတဲ့လရှိတယ်။ အဲဆိုသိန်းကျော်တာပေါ့နော် မီတာခသက်သက်ကို။ ထားဝယ်မှာသာဆို အဲလောက်ကုန်မှာမဟုတ်ဘူး။ လေးငါးသောင်းလောင်ပဲပေးရမှာ။ လကုန်မီတာခပေး‌ရတော့မယ်ဆိုရင် သူများကိုတော့ မပြောဖြစ်ပေမယ့် စိတ်ထဲမှာတော့ အမြဲတမ်းတွက်တွက်နေတယ်။

DW – မီတာခဈေးကြီးတော့ ဘယ်လိုအခက်အခဲတွေရှိလဲ။

ဖြေ – ကိုယ့်အတွက်အမြတ်ကျန်နည်းသွားတာပေါ့။ ခုဏကပြောသလို ထားဝယ်မှာဆို လေးငါးသောင်းပဲကျမှာကို ဒီမှာက တစ်သိန်းကျော်ဆိုတော့ တွက်ကြည့်လေဗျာ။ လေးငါး‌သောင်းတောင်ကွာနေတာကြီးကို။ များများသုံးရင်များများထိတယ်ဗျ။

DW – အာဏာမသိမ်းမီကနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မီတာစျေးနှုန်းဘယ်လောက်ကွဟမှုရှိလဲ။ မှတ်မိသလောက်ပြောပြပေးပါ။

ဖြေ – ကွာတာတော့တော်တော်ကွာသွားတယ်။ ထက်ဝက်လောက်ကို ကွာသွားတယ်ထင်တယ်။ ဟိုတုန်းကဆို( အာဏာမသိမ်းခင်က တစ်ယူနစ်လျှင် ခန့်မှန်း) ၆၀၀၊ ၇၀၀ အဲလောက်ပဲရှိတာလေ။ အခုက စက်သုံးဆီဈေးတွေလည်း တအားတက်လာတာဆိုတော့ အရမ်းကွာသွားဝာာပေါ့။

DW – ဈေးထက်ဝက်လောက်မြင့်တက်သွားတဲ့အပေါ်ဘာများပြောချင်တာရှိလဲ။

ဖြေ – စက်သုံးဆီဈေးတက်လို့ မီတာခတက်တာဆိုတော့ ကျွန်တော်တို့က ဘာမှပြောလို့မနိုင်ဘူးပေါ့။ သူတို့မှာ အကြောင်းပြချက်ပေးဖို့ ရှိနေတာကိုး။ တခြားရွေးဖို့မှမရှိတာ ဒီလိုပဲခါးစည်းခံနေရတာပေါ့။ ကိုယ်မပေးနိုင်ရင်မသုံးနဲ့ ဒါပဲရှိတာပေါ့ဗျာ။ မီတာခမဆောင်တာနဲ့ မီးတန်းလာဖြတ်သွားလိမ့်မယ်။

DW – မီတာခဈေး အရမ်းကြီးနေတော့ လက်လုပ်လက်စားသမားတွေလို အခြေခံလူတန်းစားတွေရော ဘယ်လိုအခြေအနေရှိလဲဗျ။ သိသလောက်ပြောပြပေးပါလား။

ဖြေ – မီးကမသုံးဘဲလည်းမရဘဲကိုး။ မရှိလည်းရှာဖွေပြီးသုံးနေရတာပေါ့။ ချွေချွေတာတာသုံးရတာပေါ့။ သူတို့အတွက်က မဖြစ်မနေသုံးရမယ့်ဟာ‌တွေ။

ထမင်းချက်၊ ဟင်းချက်၊ တီဗီကြည့်၊ မီးလေးလင်နေရင်ရပြီ ဆိုပြီးဖြစ်နေတာကိုး။ တချို့လည်း တစ်အိမ်လုံး ဘုရားမီးလေးတစ်လုံးထွန်းပြီး နေနေတဲ့သူလည်း ရှိတာပေါ့ဗျာ။ မီတာခကျများရင် လကုန်မပေးနိုင်ရင် မီးဖြတ်ခံရမှာလေ။ ‌တစ်သောင်းကျမယ့်နေရာမှာ ငါးထောင်ဖိုးပဲဖြစ်အောင် အဲလိုပဲချွေတာသုံးကြရတာပေါ့။

DW – မီတာခနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက် ပြောချင်တာရှိသေးလဲ။

ဖြေ – ဒီမှာက ရေခလည်းဈေးကြီးတယ်ဗျ။ မီတာခတင်မဟုတ်ဘူး။ ‌ရေမီတာကပိုဈေးကြီးသေးတယ်။ တစ်ယူနစ်ကို ၃၀၀၀ (ကျပ်) တောင်ပေးရတယ်။ ကော့သောင်းမှာ ပိုက်ဆံမရှိရင် အိမ်သာတက်ဖို့တောင်မလွယ်ဘူး။ တစ်လတစ်လ ရေလခ၊ မီးလခ ပေးဖို့ကိုအရင်ရှာနေရတယ်။ အခုဆို အလုပ်ကလည်း အဆင်ပြေတော့ဘူး။ ရှာရဖွေရတာ အရင်လိုမလွယ်တော့ဘူး။ စားဖို့သောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေကြပြီ။ ရေလခ၊ မီးလခလေးများ ဒီထက်သက်သာမယ်ဆိုရင်တော့ ဘာပဲပြောပြော နည်းနည်းတော့အသက်ရှူချောင်မယ်။ အဲဒါလေးတွေကို တာဝန်ရှိတဲ့သူတွေပေါ့ဗျာ။ ဘယ်သူပဲဖြစ်ဖြစ် လုပ်ပေးစေချင်တာပေါ့ဗျာ။ စီးပွားရေးအရမ်းမဆန်ပဲနဲ့ အားလုံးကခက်ခဲနေတဲ့အချိန်မှာလေ။ ဒါလေးပဲပြောချင်ပါတယ်။

DW – ကျေးဇူးတင်ပါတယ်။