လောင်းလုံးမြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာများဖြင့်သေဆုံး

0
4685

လောင်းလုံးမြို့ နယ် လေးသွန်းခံရွာနှင့် ကထောင်းနီရွာကြား လမ်းပိုင်းတစ်နေရာတွင် ယနေ့ (အောက်တိုဘာ ၁၆)  မနက်ပိုင်းက သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

အဆိုပါအလောင်းကို ယနေ့နံနက် ၆ နာရီဝန်းကျင်ခန့် ကယင်းလမ်းပိုင်းတစ်နေရာတွင် ကထောင်းနီရွာသို့ ဈေးရောင်းလာသည့် ဈေးသည်များက ကနဦးတွေ့ရှိရခြင်းဖြစ်ကြောင်း ဈေးသည်တစ်ဦးကပြောသည်။

သေဆုံးနေသူမှာ ကထောင်းနီရွာတွင် လွန်ခဲ့သည့် လေးနှစ်ခန့်ကစပြီး မိသားစုနှင့်အတူ လာရောက်ရွှေ့ပြောင်းနေထိုင်သည့် အသက် ၃၉ နှစ်အရွယ်ရှိ ကိုထွန်းဦးဆိုသူဖြစ်သည်။

“သူတို့မိသားစုက စပါးပေါ်ချိန်စပါးလိုက်ရိတ်တယ်။ ငါးဖမ်း၊ ငါးရှဉ့်ထောင် အုတ်ဖိုတွေမှာလည်း လိုက်လုပ်လေ့ရှိတယ်”ဟု အထက်ပါဈေးသည်ကပြောသည်။

ဦးထွန်းဦးမှာ လေးသွန်းခံရွာနှင့် ကထောင်းနီကျေးရွာသို့သွားသည့် လမ်းပိုင်းတစ်နေရာရှိ တံတားအနီးတွင် ဦးခေါင်းနှင့် လည်ပင်းတွင် သေနတ်ဒဏ်ရာဖြင့် သွေး‌ထွက်လွန်ကာ သေဆုံးနေခြင်းဖြစ်ကြောင်း အခြားဒေသခံတစ်ဦးကပြောသည်။

ဦးထွန်းဦးအား လောင်းလုံးမြိုနယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ရှင်းလင်းခဲ့ကြောင်း ယနေ့မနက်ပိုင်းက ထုတ်ပြန်ထားသည်။

ဦးထွန်းဦးမှာ ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်းအား ယမန့်နေ့ ညနေ ငါးနာရီခွဲ အချိန်ကတည်းက ရှင်းလင်းခဲ့ခြင်းဖြစ်ကာ သေဆုံးသူအမျိုးသားတွင် ငွေကျပ် ၃၀၀၀ ခန့်နှင့်  တူးမီးတစ်လက် လက်ရိုက်တုတ် တစ်ချောင်းအပါဝင်  wy ဆေးပြား ၂၄ ပြားနှင့် ဖုန်းနှစ်လုံးကိုလည်း သည်းဆည်းရမိကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားဖော်ပြထားသည်။ 

အလောင်းကို ယနေ့မနက် ခြောက်နာရီခွဲခန့်က အရေးပေါ်ကားဖြင့် ထားဝယ်ဆေးရုံကြီးသို့ တင်ဆောင်သွားသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။