လောင်းကစားလုပ်သည်ဟုဆိုကာ မြန်မာလုပ်သား ၇၀ကျော်ကို ထိုင်းရဲဖမ်း

0
4532

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ ရော်ဘာခြံထဲတွင် တရားမဝင် လောင်းကစားပြုလုပ်နေသည်ဟုဆိုကာ မြန်မာအလုပ်သမား ၇၃ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

စူရတ်ဌာနီခရိုင် ထာ့ချမ်းဒေသ ခလောင်ဆိုင်ရွာရှိ ရော်ဘာခြံထဲတွင် တရားမဝင် လောင်းကစားပြုနေသည်ဟု တိုင်ချက်ရရှိသဖြင့် စူရတ်ဌာနီခရိုင်ရှိ ထိုင်းအာဏာပိုင်များက အောက်တိုဘာလ ၁၅ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ရေးသားထားသည်။

စစ်ဆေးစဉ်တွင် ခြံထဲ၌ ဖဲဝိုင်းဖွဲ့ကာ လောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိခဲ့ရပြီး လောင်းကစာဝိုင်းအတွက် မိုးကာတဲငှားထားသည်ကိုပင် တွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။

အဆိုပါနေရာတွင် မြန်မာအလုပ်သမားတစ်ဦး၏ အသက် ၄လအရွယ်သမီးဖြစ်သူအတွက် မွေးနေ့ပွဲကျင်းပနေခြင်း ဖြစ်ပြီး ထာ့ချမ်းဒေသနှင့် တခြားဒေသမှ ဖိတ်ထားသော မြန်မာအလုပ်သမားများ စုဝေးရောက်ရှိလာခြင်းဖြစ်ကာ ခြံထဲတွင် ဖဲရိုက်နေကြခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါ လောင်းကစားဝိုင်းသည် လာမည့်အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပြုလုပ်မည့် ကထိန်အလှူအတွက် ရန်ပုံငွေရှာသည့်သဘောဖြင့် ပြုလုပ်နေခြင်းဖြစ်သည်ဟုလည်း သတင်းများတွင် ရေးသားထားသည်။

ဖမ်းဆီးခံရသူ မြန်မာအလုပ်သမားများ၏ အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ကနဦးအနေဖြင့် လောင်းကစားအမှုဖြင့် တရားစွဲခံရမည်ဖြစ်ကာ လက်ရှိတွင် ထာ့ချမ်းရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟုဆိုသည်။

နောက်ပိုင်းတွင် Passport မရှိသူများနှင့် ထိုင်းနိုင်ငံအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (Work Permit) မရှိသူများအနေဖြင့် ထပ်တိုးအရေးယူခံရမည်ဖြစ်ကြောင်းလည်း သတင်းများတွင် ဖော်ပြသည်။

Ref: MGR Online, Siamrath