အလှုပ်အခတ်နည်းနေသည့် ရွှေ၊ ဘတ်နှင့် စက်သုံးဆီ ဈေးကွက်

0
3937

ရွှေ၊ ဘတ်နှင့် စက်သုံးဆီဈေးမှာ အောက်ဆုံးဈေးတစ်ခုအထိ ပြုတ်ကျပြီးနောက် ယခုအပတ်တွင် ဈေးတန်းတစ်ခု၌ ငြိမ်နေခဲ့သည်။

အခေါက်ရွှေသည် တစ်ကျပ်သားလျှင် ၂၇ သိန်းဝန်းကျင်တွင်လည်းကောင်း၊ ထိုင်းဘတ်ဈေးသည် ကျပ် ၇၀ တန်းတွင်လည်းကောင်း၊ 92 ဓာတ်ဆီသည် ကျပ် ၂၀၀၀ စွန်းစွန်းတွင်လည်းကောင်း အလှုပ်အခတ်နည်းနေသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

နှစ်ဆယ့်ခြောက်သိန်း ဈေးတန်းတွင် ငြိမ်နေသည့် ရွှေဈေး

ပြီးခဲ့သည့်အပတ်က တစ်ကျပ်သားလျှင် ၂၇ သိန်းကျော်ပေါက်ဈေးရှိရာမှ ဈေးကျလာသည့် အခေါက်ရွှေသည် ယခုအပတ်တွင် ဈေးငြိမ်နေသည်။

အောက်တိုဘာလ ၁၀ ရက်(တနင်္လာနေ့) တွင် ထားဝယ်ဈေးကွက်အတွင်း၌ တစ်ကျပ်သားလျှင် ၂၆ သိန်းဖြင့် ဈေးဖွင့်ခဲ့သည်။

ပြီးခဲ့သည့်အပတ် အောက်တိုဘာလ ၅ ရက်နေ့ကမူ တစ်ကျပ်သားလျှင် ၂၇ သိန်းစွန်းစွန်းပေါက်ဈေးရှိရာမှ ပြန်ကျလာ ခြင်းဖြစ်သည်။

ထိုနောက် အောက်တိုဘာလ ၁၁ ရက်(အင်္ဂါနေ့)တွင်မူ ကျပ် ၂၅ သိန်းခွဲအထိ ပြန်ကျသွားပြီး နောက်နှစ်ရက်အကြာတွင် ၂၆ သိန်းကျော်အထိ တက်သွားပြန်သည်။

အကျဈေးတွင်သာ အတက်အကျနည်းနည်းဖြင့် ငြိမ်နေသည့်အတွက် ယခုအပတ်တွင် ဈေးကွက်အတွင်း အရောင်းအဝယ်သွက်နေကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

အောက်တိုဘာလ ၁၅ ရက်(စနေနေ့)တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၆ သိန်းဖြင့် ထားဝယ်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသည်။

တစ်ပတ်လုံးငြိမ်နေသည့် ဘတ်ဈေး

ထိုင်းငွေတစ်ဘတ်ကို ကျပ်ခုနှစ်ဆယ်ဝန်းကျင်ဖြင့် အခုတစ်ပတ်လုံး ဈေးငြိမ်နေသည်။

ယခုအပတ် တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိ ထိုင်းငွေတစ်ဘတ်လျှင် ၇၄ ကျပ်ဈေးတန်းတွင် အလှုပ်အခတ်မရှိဘဲ တန့်နေခဲ့သည်။

ကြာသပတေးနေ့တွင်မူ တက်ရိပ်ပြလာပြီး တစ်ဘတ်လျှင် ၇၇ ကျပ်ဝန်းကျင်ဖြစ်လာပြီး နောက်ရက်တွင်လည်း ယင်းဈေးတန်းတွင်ပင် ရှိနေသည်။

ဘတ်ဈေးတည်ငြိမ်သယောင်ရှိလာသည့်အတွက် ဘတ်ပေးကျပ်ယူသူနှင့် ကျပ်ပေးပြီး ဘတ်ယူသူ များလာကြောင်း ငွေလဲလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

စနေနေ့(အောက်တိုဘာလ ၁၅)  ပေါက်ဈေးအရ ထိုင်းငွေတစ်ဘတ်လျှင် ၇၆ ကျပ်ပေါက်ဈေးရှိပြီး  ၁၃၁၅ ဘတ်လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

ကျပ်ဆယ်ဂဏန်းသာ အပြောင်းအလဲရှိသည့် စက်သုံးဆီဈေး

စက်သုံးဆီဈေးမှာ ထိုင်းဘတ်နှင့် ရွှေဈေးထက်ပင် အလှုပ်အခတ်နည်းနေပြီး တစ်လီတာလျှင် ငွေကျပ်ဆယ်ဂဏန်းသာ အပြောင်းအလဲရှိသည်။

ယခုအပတ် တနင်္လာနေ့ဈေးဖွင့်ချိန်က 92 ဓာတ်ဆီတစ်လီတာလျှင် ၂၀၉၀ ကျပ်ရှိခဲ့ပြီး သောကြာနေ့တွင် ၂၀၃၅ ကျပ် ပေါက်ဈေးရှိနေသည်။

ကြားရက်များတွင်လည်း တစ်လီတာလျှင် ငွေကျပ်ဆယ်ဂဏန်းသာ အတက်အကျရှိပြီး ဈေးတည်ငြိမ်နေသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၅၀၀ ကျပ်မှ ကျပ် ၃၀၀၀ ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

အကျဈေးတွင် ငြိမ်နေသည့် ရွှေဈေးသည် အကြောင်းအရာအချို့ကြောင့် လာမည့်အပတ်တွင်လည်း အကျဈေးတွင်ပင် ဆက်ရှိနေနိုင်သည်။

ပထမအကြောင်းမှာ ကမ္ဘာ့ရွှေပေါက်ဈေးသည်လည်း အကျဈေးတွင်ရှိနေပြီး တစ်အောင်စလျှင် ၁၆၄၀ ဒေါ်လာဝန်းကျင် ရှိနေသည်။

ပြီးခဲ့သည့်လကမူ တစ်အောင်စလျှင် ၁၆၇၀ ဒေါ်လာဝန်းကျင်ရှိပြီး လက်ရှိတွင် အကျဈေးတွင် ရှိနေသည်။

ဒုတိယအကြောင်းအရာမှာ စစ်ကောင်စီက ပြည်တွင်းရွှေဈေးထိန်းညှိရန်ဟုဆိုကာ အခေါက်ရွှေများကို ထုတ်ရောင်းနေသည်။

ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်အချို့ကလည်း လာမယ့်အပတ်တွင်လည်း အကျဈေးတွင်ပင် ဆက်ရှိနိုင်ကြောင်း သုံးသပ်ကြသည်။

ထိုအကြောင်းအရာများကြောင့် ပြည်တွင်းရွှေဈေးမှာ အကျဈေးတွင် အချိန်ကာလတစ်ခုအထိ ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

နယ်စပ်ကုန်သွယ်ရေးအတွက် ငွေပေးချေရာတွင် ထိုင်းဘတ်နှင့် တရုတ်ယွမ်ကို တရားဝင်ပေးချေခွင့်ပြုပြီးနောက်ပိုင်းတွင် လက်ကြီးသမားအချို့က ဈေးကွက်ကိုခြယ်လှယ်ပြီး ဈေးကစားလာကြသည်။

ထိုကြောင့် ဘတ်ဈေးမှာ လဆန်းရက်များနှင့် လကုန်ရက်များတွင် အလှုပ်အခတ်ဖြစ်လေ့ရှိပြီး လလယ်ရက်များတွင် ဈေးတည်ငြိမ်နေတတ်သည့် အခင်းအကျင်းဖြစ်နေသည်။

ကမ္ဘာ့စက်သုံးဆီဈေးမှာလည်း အကျဘက်ရောက်နေသည့်အတွက် ပြည်တွင်းစက်သုံးဆီဈေးသည့် အကျဈေးတွင်ပင် ဆက်ရှိနေနိုင်သည်။

သို့ရာတွင် ရေနံအဓိကထုတ်လုပ်သည့် အိုပက်အဖွဲ့ဝင်နိုင်ငံများက ရေနံစိမ်းထုတ်လုပ်မှုလျော့ချရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည့်အတွက် မကြာမီကာလတွင် စက်သုံးဆီဈေးပြန်လည်ဦးမော့လာမည်ဟု ခန့်မှန်းရပေသည်။