တူရကီတွင် ကျောက်မီးသွေးမိုင်းတွင်း ပေါက်ကွဲ၍ လူ ၂၅ ဦးသေဆုံးပြီး လူများစွာ ပိတ်မိလျက်ရှိ

0
3588

တူရကီနိုင်ငံ မြောက်ပိုင်း ဘာတင်ပြည်နယ်တွင် ကျောက်မီးသွေး တူးဖော်ရေး မိုင်းတွင်းတစ်ခု ပေါက်ကွဲခဲ့ရာမှ အနည်းဆုံး လူ ၂၅ ဦးသေဆုံးခဲ့ပြီး ဒါဇင်ပေါင်းများစွာ မြေအောက်တွင် ပိတ်မိလျက်ရှိကြောင်း BBC သတင်းက ဖော်ပြထားသည်။

ပေါက်ကွဲမှု ဖြစ်ပွါးချိန်တွင် လူ ၁၁၀ ခန့် အဆိုပါ မိုင်းတွင်း၌ အလုပ်လုပ်လျက်ရှိပြီး ထက်ဝက်ခန့်မှာ မြေအောက် မီတာ ၃၀၀ အနက်တွင် ရောက်ရှိနေခြင်း ဖြစ်သည်။

လူ ၁၁ ဦးကို ပြန်လည်ကယ်ဆယ်ထားပြီး ကုသမှုပေးနေကြောင်း တူရကီကျန်းမာရေး ဝန်ကြီး ဖာရက်တင်ကိုကာ က ပြောကြားသည်။

ညအချိန်သို့ရောက်သည့်တိုင် အရေးပေါ် ကယ်ဆယ်ရေးလုပ်သားများက ကျောက်လွှာများကို တူးကာ အသက်ရှင်ကျန်ရစ်သူများထံသို့ ရောက်ရှိရေး ကြိုးစားနေကြသည်။

ပျောက်ဆုံးသွားသော မိုင်းလုပ်သားများ၏ မိသားစုဝင်များ၊ မိတ်ဆွေများ လုပ်ငန်းခွင်အနီးသို့ ရောက်ရှိနေကြပြီး အခြေအနေကို လာရောက်စောင့်ဆိုင်းနေကြသည်ကို သတင်းများတွင် တွေ့ရသည်။

ပေါက်ကွဲမှုသည် မြေအောက် အနက် မီတာ ၃၀၀ တွင် ဖြစ်ပွါးခဲ့သည်ဟု ယူဆရပြီး ၊ အဆိုပါ နေရာတွင် လူ ၄၉ ဦးခန့် အလုပ်လုပ်နေသည်ဟု ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

ပေါက်ကွဲရခြင်း အကြောင်းရင်းကို မသိရသေးဘဲ၊ ဒေသဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာနက စတင် ကိုင်တွယ်လျက် ရှိသည်။