တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
3518

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ

မြန်မာ့ဂုဏ်ယူစရာသမိုင်းကြောင်း ပျက်သုဉ်းခဲ့ပြီဟု EU ပြော

မြန်မာနိုင်ငံတွင် သေဒဏ်ပေးခြင်းကို ဆိုင်းငံ့ထားခဲ့သည့် ၃၄နှစ်တာ ဂုဏ်ယူစရာသမိုင်းကြောင်းမှာ ဒီမိုကရေစီ အရေးတက်ကြွလှုပ်ရှားသူအချို့ကို စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်ခြင်းကြောင့် ပျက်သုဉ်းစေခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးက ထုတ်ပြန်သည်။

အောက်တိုဘာလ ၁၀ ရက်တွင် ကျရောက်သည့် ဥရောပနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ သေဒဏ်ဆန့်ကျင်ရေးနေ့တွင် ယင်းသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကိုဖြိုးဇေယျသော်၊ ကိုဂျင်မီ၊ ကိုအောင်သူရဇော်နှင့် ကိုလှမြအောင်တို့ကို ယခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် စစ်ကောင်စီက ရက်စက်စွာ ကွပ်မျက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဥရောပသမဂ္ဂသည် အသက်ရှင်သန်နေထိုင်ခွင့်ကို ချိုးဖောက်သည့် ပြင်းထန်ရက်စက်ပြီး လူမဆန်သော ပြစ်ဒဏ်ကို အချိန်အခါတိုင်းနှင့် အခြေအနေအရပ်ရပ်တွင် ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်းလည်း ဆိုသည်။

ယခုအခါ မြန်မာနိုင်ငံသည် ကမ္ဘာအဝှမ်းတွင် သေဒဏ်ကွပ်မျက်စီရင်မှု ပြုလုပ်သည့် နိုင်ငံပေါင်း ၁၈ နိုင်ငံအနက်မှ တစ်နိုင်ငံဖြစ်လာပြီး ကမ္ဘာအနှံ့ထင်ရှားစွာလုပ်ဆောင်လျက်ရှိသည့် သေဒဏ်ဖျက်သိမ်းရေးကို ဆန့်ကျင်လျက် ရှိကြောင်း အဆိုပါရုံးက ထုတ်ပြန်သည်။

………………………………..

ဦးရွှေမန်းပါတီ ဖျက်သိမ်း

အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း ဦးဆောင်တည်ထောင်ထားသည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ကို ပါတီတည်ထောင်ပြီး သုံးနှစ်ကျော်အကြာတွင် ဖျက်သိမ်းတော့မည်ဖြစ်သည်။

ပါတီဦးဆောင်နေသူများ အသက်အရွယ်ကြီးရင့်လာကာ ကျန်းမာရေးချို့တဲ့သူများရှိသလို လူမှုရေးနှင့် အခြား အခက်အခဲများရှိလာပြီး ပါတီနိုင်ငံရေးကိုဆက်လုပ်လိုသည့် ဆန္ဒမရှိတော့သဖြင့် ပါတီကို ဖျက်သိမ်းရန် ဗဟိုအလုပ် အမှုဆောင်များ သဘောတူညီချက်ဖြင့် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းက အောက်တိုဘာလ ၁၂ရက်တွင် ထုတ်ပြန် အသိပေးလာသည်။

ပါတီဖျက်သိမ်းရန် အောက်တိုဘာလ ၁၁ ရက်တွင် သက်ဆိုင်ရာသို့ တင်ပြထားပြီဟု ဆိုသည်။

နအဖအစိုးရလက်ထက်တွင် တတိယအမြင့်ဆုံးရာထူးဖြင့် တာဝန်များကို ထမ်းဆောင်ခဲ့ပြီး စစ်တပ်က အငြိမ်းစား ယူပြီးနောက် ကြံ့ခိုင်ရေးပါတီတွင် ဒုဥက္ကဋ္ဌ၊ ဥက္ကဋ္ဌ တာဝန်များယူခဲ့သည်။ ဦးသိန်းစိန်အစိုးရလက်ထက် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက တာဝန်ယူများကိုလည်း ထမ်းဆောင်ခဲ့သူဖြစ်သည်။

NLD အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိသူဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခံရသည်။ ကော်မရှင်ကို ဖျက်သိမ်းပြီးနောက် ၂၀၁၉ တွင် UBP ကို ထောင်ကာ ၂၀၂၀ ရွေးကောက်ပွဲဝင်ခဲ့သူဖြစ်သည်။

ကိုယ်စားလှယ်လောင်း ကိုးရာကျော်ဖြင့် ကိုယ်စားလှယ်လောင်း တတိယအများဆုံးပါတီအဖြစ် ရွေးကောက်ပွဲဝင်ခဲ့ပြီး တစ်နေရာမျှ အနိုင်ရရှိခဲ့ခြင်းကား မရှိခဲ့ပေ။

………………………………..

ပြည်သူ့နစ်နာချက်ထုတ်ပြန်လို့ သတိပေးခဲ့ရသည့် ANP ပါတီ

ရခိုင်ပြည်နယ်တွင် တစ်ကျော့စစ်ပွဲကြောင့် ပြည်သူလူထု ထိခိုက်နစ်နာမှုအပေါ် သဘောထားထုတ်ပြန်သည့် ရခိုင် အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ ANP ကို စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ ၁၂ ရက်တွင် ခေါ်ယူသတိပေးခဲ့သည်။

အချက် ၄ ချက်ပါသည့် သဘောထားထုတ်ပြန်ချက်ကို ANP က စက်တင်ဘာလ ၂၉ ရက်က ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။ ရပ်ကွက်၊ ကျေးရွာများအနီး တိုက်ပွဲမဖော်ဆောင်ကြရန် လက်နက်ကိုင်အဖွဲ့များကို မေတ္တာရပ်ခံထားသလို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံး ဒဏ်ရာရမှု၊ နေအိမ်များ ပျက်စီးမှုကိုလည်း ကန့်ကွက်ရှုတ်ချခဲ့ခြင်းဖြစ်သည်။

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးသည့် INGOs၊ NGOs နှင့် အရပ်ဖက်အဖွဲ့များအား ပိတ်ပင်မှုကို ပြန်ဖွင့်ပေးရန်တောင်းဆိုထားသလို မြို့နယ်အချို့တွင် ကုန်းလမ်း၊ ရေလမ်း ပိတ်ထားခြင်းမှာ အရပ်သားပြည်သူများ၏ အသက်ရှင်ရပ်တည်ရေးကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် ငြိစွန်းပြီး တစ်ဖက်သတ်ဆန်သည့် ထုတ်ပြန်ချက် မျိုးဖြစ် သည်ဟုဆိုကာ ANP ပါတီ ခေါင်းဆောင်များကို UEC က နေပြည်တော်သို့ ဆင့်ခေါ်ပြီး နောင်တွင် ဥပဒေ နည်းဥပဒေများ လိုက်နာရန် သတိပေးခဲ့သည်။

ယင်းသို့ သတိပေးခံရသော်လည်း ရခိုင်ပြည်သူလူထုအတွက် လိုအပ်လျှင် ထုတ်ပြန်ချက်များ ဆက်ထုတ်သွားမည်ဟု ANP ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက မီဒီယာများတွင် ပြောဆိုထားသည်။

………………………………..

ကျိုက်ထီးရိုး ဘုရားဖူးခရီးသည်သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာသည့် ပစ်ခတ်မှု

မွန်ပြည်နယ် ကျိုက်ထီးရိုးစေတီသို့သွားသည့် ကင်မွန်းချောင်းရွာတောင်တက်ဂိတ်တွင် အောက်တိုဘာလ ၁၂ ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပြီး ဘုရားဖူးခရီးသည် အမျိုးသမီးသုံးဦးသေဆုံးကာ ၁၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကင်မွန်းချောင်းရွာ စစ်ကောင်စီတပ် ဂိတ်စခန်းကို အရပ်ဝတ်ဖြင့် အမည်မသိ လက်နက်ကိုင်တို့က ဝင်ရောက် တိုက်ခိုက်ရာမှ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး အရပ်သားများကို ထိခိုက် သွားခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။ ကင်မွန်းချောင်းရွာထဲကို လက်နက်ကြီးကျည် နှစ်လုံးကျရောက် ပေါက်ကွဲခဲ့ကာ နေအိမ်အချို့ ထိခိုက်သွားသော်လည်း လူထိခိုက်မှု မရှိဟု ဆိုသည်။

အဆိုပါ အရပ်သားထိခိုက်သေဆုံးမှုဖြစ်ရပ်မှာ KNLA တပ်မဟာ (၁) ၊ NUG နှင့် CRPH လက်အောက်ခံ PDF များ၏ လက်ချက်ဟု စစ်ကောင်စီဘက်က စွပ်စွဲပြီး PDF များဘက်ကလည်း စစ်ကောင်စီတပ် လက်ချက်ဟု အပြန်အလှန် စွပ်စွဲထားကြသည်။

သထုံ PDF က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီဂိတ်ကို ပစ်ခတ်ပြီး ပြန်ထွက်သွားချိန်တွင် စစ်ကောင်စီတပ် ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်သဖြင့် ခရီးသည်များကို ထိခိုက်ခြင်းဖြစ်သည်ဟု သထုံ PDF တာဝန်ခံ ပြောဆိုချက်ကို ကိုးကားကာ ဘီဘီစီသတင်းတွင် ဖော်ပြသည်။

အနီးဝန်းကျင်မှ ဒေသခံများကမူ မည်သည့်အဖွဲ့ဘက် ပစ်ခတ်မှုကြောင့် ထိခိုက်သွားသည်ကို မခန့်မှန်းနိုင်ကြောင်း သတင်းများတွင် ပြောဆိုကြသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) က ယင်းပစ်ခတ်မှုကို စုံစမ်းစစ်ဆေးသွားမည်ဟုဆိုပြီး KNU တပ်မဟာ (၁) လက်အောက်ခံ မိတ်ဖက်အဖွဲ့အစည်းတခုခုက ကျူးလွန်ခဲ့ပါက အရေးယူမည်ဟု ဆိုထားသည်။

………………………………..

တိုယိုတာကား မြန်မာတွင် စထုတ်

တိုယိုတာ ကားကုမ္ပဏီက မြန်မာနိုင်ငံတွင် ကားတပ်ဆင်စက်ရုံဖွင့်ပြီး စက်တင်ဘာလမှစတင်ကာ ကားများ ထုတ်လုပ် နေပြီဖြစ်ကြောင်း ဂျပန်သတင်းမီဒီယာဖြစ်သည့် Nikkei Asia က အောက်တိုဘာ ၁၁ရက်နေ့က ဖော်ပြသည်။

ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ သီလဝါအထူးစီးပွားရေးဇုန်တွင် ဖွင့်လှစ်ထားသည့် ယင်းစက်ရုံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကားစတင်ထုတ်လုပ်ရန် လုပ်ဆောင်ထားသော်လည်း အာဏာသိမ်းမှုကြောင့် အချိန် ၁၉ လ ကြန့်ကြာသွားကြောင်း ဖော်ပြသည်။

Hilux ပစ်ကပ်ထရပ်ကားများကို စတင်တပ်ဆင်ကာ ထုတ်လုပ်နေပြီး ကားအော်ဒါများလည်း လက်ခံရရှိထားသည်ဟု ဆိုသည်။ လစဉ် ကားအစီးရေ ဒါဇင်အနည်းငယ်သာ ထုတ်လုပ်တပ်ဆင်မည်ဟုလည်း ဖော်ပြသည်။

အာဏာသိမ်းမှုဖြစ်ပြီးနောက် ပြည်သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ သန်းနှင့်ချီသော ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုများကြောင့် နိုင်ငံတကာက ပြစ်တင်ဝေဖန်မှုများရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ မြန်မာနိုင်ငံမှ တစတစ ထွက်ခွာသွားကြသည်။ ယင်းအချိန်တွင် တိုယိုတာက လုပ်ငန်းလည်ပတ်သဖြင့် ဝေဖန်ပြောဆိုမှုများလည်း ရင်ဆိုင်နေရသည်။

………………………………..

စစ်ဘေးရှောင် ၃ဝခန့် မြွေကိုက်ခံရ၊ မြွေဆိပ်ဖြေဆေးများလိုနေ

စစ်ကိုင်းတိုင်း ကန့်ဘဘူမြို့နယ်က စစ်ဘေးရှောင် ၃၀ ခန့် မြွေကိုက်ခံရကာ လေးဦးသေဆုံးသွားပြီး မြွေဆိပ်ဖြေ ဆေးများ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင်အရေးကူညီသူများက ပြောသည်။

ကန့်ဘလူမြို့နယ် မြောက်ခြမ်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ဇွန်လမှ အောက်တိုဘာလ ဒုတိယပတ်အထိ လေးလကျော်အတွင်း စစ်ဘေးရှောင် ၃၀ ခန့် မြွေကိုက်ခံရခြင်းဖြစ်သည်ဟုဆိုသည်။

မြွေကိုက်ခံရရာတွင် အသက် ၁၄ နှစ်အရွယ် ကလေးပါဝင်ပြီး အသက် ၂၀ ကျော်အရွယ် လူငယ်များလည်း ပါဝင်သည်ဟု ဆိုသည်။

မြွေကိုက်ခံရသူများကို လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဆေးရုံသို့ အချိန်မီ ရောက်အောင်ပို့ပေးရန်ခက်ခဲ နေကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင်အရေးကူညီသူများက ပြောသည်။

ငွေကြေးအခက်အခဲကြောင့် မြွေဆိပ်ဖြေဆေးဝယ်ရန် ခက်ခဲသလို စစ်ကောင်စီတပ်က ဆေးဝါး သယ်ယူခွင့်များ ပိတ်ပင်ထားမှုကြောင့် မြွေဆိပ်ဖြေဆေးရှားပါးသဖြင့် အသက်အန္တရာနှင့် ကြုံတွေ့နေရကြောင်း ၎င်းတို့က ဆိုသည်။ 

မြွေဟောက် အပါအဝင် အဆိပ်ပြင်းမြွေများ၏ အကိုက်ခံရကြပြီး မြွေပွေး အကိုက်ခံရမှု အများဆုံးဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

………………………………..

ဂျပန်လှူထားသည့် ခရီးသည်တင်သင်္ဘော စစ်ရေးတွင်သုံးနေသည်ဟု HRW ပြော

အရပ်ဖက်တွင် အသုံးပြုရန် ဂျပန်နိုင်ငံက မြန်မာနိုင်ငံသို့ ပေးပို့လှူဒါန်းထားသည့် ခရီးသည်တင် သင်္ဘောနှစ်စီးကို စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအတွက် အသုံးပြုနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က အောက်တိုဘာလ ၁၁ ရက်တွင် ထုတ်ပြန်သည်။

ဂျပန်အစိုးရက ၂၀၁၇နှင့် ၂၀၁၉ ခုနှစ်အကြားတွင် ခရီးသည်တင်သင်္ဘောသုံးစီးကို ပေးပို့လှူဒါန်းခဲ့သည်။ ယင်းအနက် သင်္ဘောနှစ်စီးဖြင့် စစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်မြောက် ပိုင်း ဘူးသီးတောင်မြို့သို့ မေယုမြစ်ကြောင်းမှ စစ်အင်အား တစ်ရာကျော်ကို ပို့ဆောင်ခဲ့ကြောင်း HRW က ဆိုသည်။

ဂျပန်လှူထားသည့် ကစ္စပနဒီ (၁) နှင့် (၃) သင်္ဘောတို့ကို အသင့်ပြင်ထားရန် ရခိုင်ပြည်နယ်စစ်ကောင်စီ ပို့ဆောင်ရေး ဝန်ကြီးထံမှ ရခိုင်ပြည်နယ် ပြည်တွင်းရေကြောင်းဦးစီးဌာနသို့ စက်တင်ဘာလ ၁၃ ရက်က လျှို့ဝှက်ညွှန်ကြားသည့် စာကို ရထားသည်ဟု HRW က ဆိုသည်။

ယင်းနောက် စက်တင်ဘာလ ၁၄ ရက်တွင် စစ်အင်အား တစ်ရာကျော်နှင့် ထောက်ပို့ပစ္စည်းများကို စစ်တွေမှ ဘူးသီးတောင်သို့ ပို့ဆောင်ခဲ့ကြောင်း HRW က ပြောသည်။

ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံကို လူသားချင်းစာနာရေးအတွက် မဟုတ်သည့် အကူအညီအထောက်အပံ့များကို ချက်ချင်းရပ်ပစ်သင့်ပြီး လူ့အခွင့်အရေးချိုးဖောက်သည့် မြန်မာအရာရှိများကို အရေးယူသင့်ကြောင်းလည်း HRW က ထုတ်ပြန်ထားသည်။

………………………………..

ဦးမောင်ဝိတ်စွပ်စွဲသည့်အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သုံးနှစ်ချ

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံမှ ဒေါ်လာ ငါးသိန်းခွဲရယူခဲ့သည်ဟုဆိုကာ စွပ်စွဲခံထားရသည့် အဂတိအမှု နှစ်ခုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာလ ၁၂ ရက်တွင် ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ပြန်သည်။

အမေရိကန်ဒေါ်လာ ငါးသိန်းခွဲကို လေးကြိမ်ခွဲ၍ ပေးခဲ့သည်ဆိုသည့် ဦးမောင်ဝိတ်၏ ထွက်ဆိုချက်ကို အခြေခံကာ စစ်ကောင်စီက ထောင် ၁၅နှစ်အထိချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုနှစ်ခုခွဲကာ စွဲဆိုထားခြင်းဖြစ်သည်။

ယင်းအမှုကို အောက်တိုဘာလ ၁၂ ရက်က နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးက အမိန့်ချမှတ်ခြင်းဖြစ်သည်။ အမှုတစ်ခုစီအတွက် သုံးနှစ်ချမှတ်ပြီး တစ်ပေါင်းတည်း ကျခံစေဆိုသဖြင့် စုစုပေါင်း သုံးနှစ် ကျခံရမည်ဖြစ်သည်။ ယခုအမှုမတိုင်မီ ထောင်ဒဏ် ၂၃ နှစ်ချခံထားရသဖြင့် စုစုပေါင်းထောင်ဒဏ် ၂၆ နှစ်အထိ ရှိလာပြီလည်းဖြစ်သည်။

ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် သီးသန့် လှူဒါန်းခဲ့သည့်ငွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ငွေစာရင်းထဲတွင်လည်း မရှိသဖြင့် အပြစ်မရှိကြောင်း ရှေ့နေများက လျှောက်လဲခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အပြစ်မရှိကြောင်း ထွက်ဆိုထားသည့် အမှုဖြစ်သည်။

………………………………..

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း မိသားစုပိုင်နေအိမ်ချိပ်ပိတ်ခံရ

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၏ မိသားစုပိုင် နေအိမ်ကို စစ်ကောင်စီက အောက်တိုဘာလ ၁၂ ရက်တွင် လာရောက်ချိပ်ပိတ်သွားသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်တွင် ရှိသည့် နေအိမ် ချိပ်ပိတ်ခံရခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် ချိပ်ပိတ်သည်ကို မသိရကြောင်း ခွန်မြင့်ထွန်းက မီဒီယာများတွင် ပြောသည်။

ယင်းအိမ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ စတင်တည်ထောင်ချိန်ကပင် ရွေးကောက်ပွဲအဆက်ဆက် NLD ပါတီအလံထောင်ကာ ပါတီရုံးအဖြစ် အသုံးပြုခဲ့ကြောင်း ပြောသည်။ PNFC တွင် ပါဝင်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားပြောဆိုမှု၊ NLD ပါတီရုံး ဆက်လက်ဖွင့်လှစ်ထားမှုကြောင့် ချိပ်ပိတ်ခံရခြင်းဖြစ်နိုင်သည်ဟုလည်း ခွန်မြင့်ထွန်းက မီဒီယာများတွင် ပြောဆိုထားသည်။

ခွန်မြင့်ထွန်းသည် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည်။ လက်ရှိတွင် PNFC ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ဗဟိုကော်မတီဝင် လည်းဖြစ်သည်။

………………………………..

ချောင်းရေလျှံမှုတွင် ဆုံးပါးသွားသည့် မိသားစု

မကွေးတိုင်း ပခုက္ကူမြို့နယ် ဆင်ပေါက်လှချောင်းရေလျှံရာတွင် ကလေးငယ်နှစ်ဦး အပါအဝင် မိသားစုဝင် လေးဦးလုံး သေဆုံးသွားပြီး နေအိမ် ၁၀ ကျော် ပျက်းစီးခဲ့သည်။

အောက်တိုဘာလ ၈ ရက်က မိုးသည်းထန်စွာရွာသွန်းရာမှ ချောင်းရေလျှံမှုကြောင့် ပခုက္ကူမြို့ အမှတ် (၁၅) ရပ်ကွက် ဆင်ပေါက်လှ (၈) လမ်းက မိသားစုဝင်လေးဦး ရေထဲ မျောပါသေဆုံးသွားကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။

အသက် ၁၅နှစ်အရွယ် သမီး၊ အသက် ၇နှစ်အရွယ် သားငယ်၊ အသက် ၄၅နှစ်အရွယ် မိခင်တို့၏ ရုပ်အလောင်းများကို အောက်တိုဘာလ ၈ ရက်တွင် တွေ့ရှိခဲ့ပြီး အသက် ၅၁နှစ်အရွယ် ဖခင်ဖြစ်သူ၏ ရုပ်အလောင်းကို အောက်တိုဘာလ ၁၀ ရက်တွင် တွေ့ရှိခဲ့သည်။

ရေလျှံချိန် ဘေးလွတ်ရာသို့ သွားရာတွင် သားငယ်ဖြစ်သူ မျောပါသည်ကို လိုက်ဆယ်ရာမှ မိသားစုဝင် လေးဦးစလုံး သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းချောင်းရိုးတစ်လျှောက်တွင် အိမ်ခြေရာဂဏန်းရှိသည်ဟုဆိုသည်။

………………………………..