လောင်းလုံးသို့ အလှူပွဲသွားသူများ လမ်းခရီးတွင် ငွေတောင်းခံ‌ရ

0
5460

လောင်းလုံးမြို့ဘက်သို့ ခရီးသွားသည့် ပြည်သူများ ယခုရက်ပိုင်းအတွင်း လမ်းခရီးတွင် ငွေကြေးတောင်းခံရမှုများ ရှိလာနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက်ပိုင်းက ထားဝယ်မှ လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာ၏ ကထိန်အလှူသို့ ကားဖြင့်သွားသော ပြည်သူများထံမှ ရဲဝတ်စုံဝတ်ထားသော တပ်ဖွဲ့ဝင်များက လူတစ်ဦးလျှင် ကျပ်ငါးထောင်နှုန်းဖြင့် ကောက်ခံနေကြောင်း ကိုယ်တိုင်ကြုံရသည် ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

၎င်းကိုယ်တိုင် ကျပ်ငါးထောင်ပေးပြီးမှ ဖြတ်သန်းသွားလာခွင့်ရခဲ့ကြောင်း ဆိုသည်။

လောင်းလုံးမြို့ တွင်း (ဃ) ရပ်ကွက်ရှိ လောင်းလုံး ထားဝယ်သွားလမ်းပိုင်းတစ်နေရာတွင် ရဲဝတ်စုံဝတ်ထားသော တပ်ဖွဲ့ဝင်များက စစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ခရီးသည်များတွင် နှာခေါင်းစည်း ပါမပါ၊ မှတ်ပုံတင် ပါမပါ စသည်ဖြင့် အကြောင်းအမျိုးမျိုးရှာ၍ စစ်ဆေးနေခြင်းလည်းဖြစ်ကြောင်း ခရီးသွားပြည်သူအချို့က ပြောသည်။

“တရားဝင် စစ်ဆေးရင် ဒဏ်ကြေးဆိုတာ ချလံပေးရတယ်။ အခုက အဖွဲ့စုံလည်းမဟုတ်ဘူး။ ရဲဝတ်စုံဝတ်နဲ့ လက်နက်ကိုင် သုံးလေးယောက်နဲ့ ဒါလုံးဝမဖြစ်သင့်ဘူး” ဟု အထက်ပါခရီးသွားပြည်သူက ဆိုသည်။

လောင်းလုံးမြို့တွင်းတွင် အဆိုပါတပ်ဖွဲ့ဝင်များက ယင်းကဲ့သို့ စစ်ဆေး‌ပြီး ခရီးသွားပြည်သူများထံမှ ငွေကြေး တောင်းနေသည်မှာ ရက်သတ္တပတ် တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း လောင်းလုံးမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အလှူရှိတဲ့ရက်ဆို ပိုဆိုးတယ်။ အဲဒီနေ့တွေက သွားလာများတယ်လေ။ အစကတော့ လောင်းလုံးမြို့အဝင်နားမှာပဲ၊ အခုက မြို့အထွက်နားမှာပါ လုပ်လာတယ်” ဟု ထိုအမျိုးသမီးက ပြောဆိုသည်။

ထားဝယ်ခရိုင်တွင် ပြီးခဲ့သည့် ၂ နှစ်က ကိုဗစ်နှင့် နိုင်ငံရေးအခြေအနေကြောင့် ယခုလိုပွင့်လင်းရာသီတွင် ကထိန်အလှူပွဲများ အနည်းငယ်သာရှိရာမှ ယခုနှစ်တွင်မူ ကထိန်အလှူပွဲများ ပိုလုပ်လာကြသည်။

ထို့ကြောင့် အလှူရှိသည့်နေ့များတွင် မြို့နယ်အတွင်းရှိ ‌လမ်းမများတွင် သာမန်ခရီးသွားပြည်သူများနှင့် အလှူပွဲသွားသည့် ခရီးသည်များဖြင့် စည်ကားလေ့ရှိပြီး လမ်းပိတ်ဆို့မှုများလည်း မကြာခဏဖြစ်ပေါ်လေ့ရှိသည်။