မြိတ် တုံးဗျောကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ် မီးရှို့ခံရ

0
4280

မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၏ နေအိမ် ယနေ့ မီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။

တုံးဗျောကျေးရွာနေ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစိန်သန်းငယ် နေအိမ်အား ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်က လာရောက်မီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။

“PDF တွေအများကြီးပဲ လာပြီးမီးရှို့သွားတာ။သူ့နဲ့ မိသားစုက အိမ်မှာမနေပဲ တခြားတစ်နေရာမှာ သွားရှောင်နေကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မီးရှို့ခံရသည့် အုပ်ချုပ်ရေးမှူး၏ နေအိမ်နှင့် မိုင်ဝက်ခန့်အကွာတွင် ပျူစောထီးနှင့် စစ်ကောင်စီကင်းစခန်းတစ်ခုရှိပြီး နှစ်ဖက်ပစ်ခတ်ခြင်းမျိုးမကြားရကြောင်း ဒေသခံများက ဆိုသည်။

“ပစ်ခတ်သံတော့မကြားရဘူး။ မီးရှို့ပြီးတာနဲ့ ပြန်ထွက်သွားကြတယ်” ဟု ဒေသခံနောက် အမျိုးသားတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူး၏ နေအိမ်ကို PDF များ လာရောက်မီးရှို့သွားသည်ဟု ဒေသခံများကဆိုသော်လည်း မည်သည့် PDF အဖွဲ့ကမျှ ထုတ်ပြန်ထားခြင်းမျိုး မတွေ့ရသေးသလို Dawei Watch အနေဖြင့်လည်း သီးခြားအတည် မပြုနိုင်သေးပေ။

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက် ညကလည်း တုံးဗျောကျေးရွာ ပျူစောထီးဒုခေါင်းဆောင် ပစ်သတ်ခံရပြီး ၎င်းနှင့်အတူပါလာသည့် ပျူစောထီးသည်လည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။