တနင်္သာရီတိုင်းတွင် ကြံ့ခိုင်ရေးပါတီဝင် ၃၀ ခန့်အသတ်ခံထားရဟုဆို

0
4138

စစ်တပ်အာဏာသိမ်းမှု ဖြစ်စဉ်ကြောင့်ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးနှင့်အတူ ဒလန်ရှင်းလင်းရေး ဆိုသည့်လှုပ်ရှားမှုတွင် ပစ်ခတ်ရှင်းလင်းခံရသဖြင့် သေဆုံးသွားသူများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်နှင့် ဝန်းရံသူ ၃၀ ခန့်ပါဝင်ကြောင်း ယင်းပါတီထံမှသိရသည်။

တနင်္သာရီတိုင်းတွင် ပစ်သတ်ခံရသဖြင့် သေဆုံးသွားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၃၀ ဦးနှင့် ဒဏ်ရာရသူ သုံးဦးရှိကြောင်း တိုင်းပါတီဥက္ကဋ္ဌ ဦးသန်းအောင်ကပြောသည်။

ကြံ့ခိုင်ရေးပါတီဝင် အသတ်ခံရသူများတွင် ရေဖြူမြို့နယ် ရပ်ကျေးစည်းရုံးရေးမှူးတစ်ဦးနှင့် ‌လောင်းလုံးမြို့နယ်မှ ဝန်းရံသူအချို့လည်းပါဝင်ကြောင်း Dawei Watch မှတ်တမ်းများအရသိရသည်။

ယင်းသေဆုံးမှုမှာ စစ်တပ်အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ အသတ်ခံရသည့် ကြံ့ခိုင်ရေးပါတီဝင် အရေအတွက်ဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် စစ်ကောင်စီက ပြင်ဆင်နေပြီး ယင်းရွေးကောက်ပွဲ ဝင်ပြိုင်ရန်အတွက် စစ်တပ်ကျောထောက်နောက်ခံပါတီ ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပါတီခေါင်းဆောင်ပိုင်း နေရာများ အပြောင်းအလဲ ပြုလုပ်ခဲ့သည်။

သို့သော် မြန်မာနိုင်ငံအနှံ့ဖြစ်ပေါ်နေသည့် အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်နေသော ဖြစ်စဉ်များကြောင့် ပါတီစည်းရုံးရေး လှုပ်ရှားမှုများကို မတွေ့ရသေးပေ။

“အခုလောလောဆယ်က (ပါတီ)လှုပ်ရှားမှုတွေလုပ်လို့ အဆင်မပြေသေးဘူးလေ။ တိုင်းထဲမှာဆို ရေဖြူတို့၊ လောင်းလုံးတို့ဆို သိတဲ့အတိုင်းပဲလေ။ မြိတ်ခရိုင်မှာဆို ပုလောတို့၊ မောတောင်တို့ ဖြစ်နေကြတာဆိုတော့ ရှင်းရှင်းပြောရရင် ဘာမှလုပ်လို့မရဘူး။ ငါတို့ပါတီကလူတွေ ထိနေ( ပစ်သတ်ခံနေရ) တာတွေလည်းရှိတယ်လေ” ဟု ဦးသန်းအောင်ကဆိုသည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီသတင်းပေး ဆိုသူများကို ပစ်ခတ်ရှင်းလင်းမှုများ လုပ်ဆောင်နေပြီး လစဉ် လူ ၂၀ ဝန်းကျင်ခန့် ပစ်ခတ်ရှင်းလင်းခံရလေ့ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း တနင်္သာရီတိုင်းတွင် ပျူစောထီး၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးဆိုသူအပါအဝင်  လူ ၂၀ ဦးခန့် ပစ်သတ်ခံခဲ့ရသည်။

တနင်္သာရီတိုင်းတွင် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ပေါင်း ၄၀ ကျော်ခန့်ရှိပြီး စစ်ကောင်စီတပ်များနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသည်။

ယင်းအပြင် တနင်္သာရီတိုင်းတွင် စစ်ကောင်စီက ဖွဲ့စည်းထားသည့် ပြည်သူ့စစ်ခေါ် ပျူစောထီးအဖွဲ့များလည်း လှုပ်ရှားမှုများ လုပ်ဆောင်နေပြီး ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားလေ့ရှိသည်။

စက်တင်ဘာလတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်များအကြား ထိတွေ့တိုက်ပွဲပေါင်း ၄၁ ကြိမ်ဖြစ်ပွားခဲ့သည်။