Mie Sedaap ခေါက်ဆွဲထုပ်ခြောက်မျိုး စားသုံးရန်မသင့်ကြောင်း FDA ကြေညာ 

0
4993

အင်ဒိုနီးရှားနိုင်ငံထုတ် Mie Sedaap အမှတ်တံဆိပ် Spicy ခေါက်ဆွဲအစပ်ထုပ် အပါအဝင် အသင့်စား ခေါက်ဆွဲ ခြောက်ထုပ် ခြောက်မျိုးကို စားသုံးရန်မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါကွတ်ကဲရေးဦးစီးဌာနက အောက်တိုဘာ ၁၂ ရက်နေ့ က ထုတ်ပြန်ကြေညာသည်။

Mie Sedaap အမှတ်တံဆိပ် ခေါက်ဆွဲထုပ်များကို တနင်္သာရီတိုင်းတွင်လည်း လူငယ်များ ဝယ်ယူစားသုံးမှုများကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယင်းအမှတ်တံဆိပ်ဖြင့် ထုတ်သည့် ခေါက်ထုတ်များအနက် ခေါက်ဆွဲထုပ်ခြောက်မျိုးတွင် အစားအသောက်များ၌ သုံးခွင့်မရှိသည့် ပိုးသတ်ဆေးတစ်မျိုးဖြစ်သော အက်ထရင်းအောက်ဆိုဒ် (Ethylene oxide) ပိုမိုပါဝင်နေကြောင်း အောက်တိုဘာလ ၁၁ ရက်က စင်ကာပူနိုင်ငံစားနပ်ရိက္ခာအေဂျင်စီ (SFA) က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ယင်းပစ္စည်းများကို ဈေးကွက်အတွင်းမှ လိုက်လံသိမ်းဆည်းနေသည်ဟု FDA ၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားဖော်ပြသည်။

စားသုံးရန် မသင့်ကြောင်း ကြေညာသည့် ယင်းစားသောက်ကုန်ပစ္စည်များတွင် ပလက်စတစ်ခွက်ဖြင့် ထုပ်ပိုးထားသည့် ၂၀၂၃ ခုနှစ် မတ် ၂၇ ရက်နှင့် ဧပြီ ၂၄ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည့် ၈၁ ဂရမ်ပါ အသင့်စား ခေါက်ဆွဲခြောက် နှစ်မျိုးပါဝင် သည်။

ပလက်စတစ်အိတ်ဖြင့်ထုပ်ပိုးထားသော ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၁ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည့် ၈၇ ဂရမ်ပါ အသင့်စား ခေါက်‌ဆွဲခြောက် တစ်မျိုး၊ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၂၂ရက်နှင့် မတ်၁၇ရက်၊ မေ ၂၁ ရက်နေ့တို့အထိ စားသုံးရန်နောက်ဆုံးသတ်မှတ်ထားသည့် အသင့်စားခေါက်ဆွဲခြောက် သုံးမျိုးလည်း ပါဝင်သည်။

ထို့ကြောင့် စားသုံးသူများအနေဖြင့် သက်တမ်းကုန်ဆုံးမည့် ရက်စွဲကို တိုက်ဆိုင်စစ်ဆေးပြီး ဝယ်ယူစားသုံးကြရန် FDA က ထုတ်ပြန်ထားသည်။

ယင်းပစ္စည်းများကို ရန်ကုန်မြို့ရှိ စားသောက်ကုန်ဖြန့်ဝေလျှက်ရှိသည့်အဓိက နေရာများတွင် စတင်စစ်ဆေးလျှက်ရှိပြီး တိုင်းအတွင်းတွင်မူ ‌မတွေ့ရှိသေးကြောင်း တနင်္သာရီတိုင်း အစားသောက်နှင့် ဆေးဝါးကွတ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တိုင်းအထဲမှာတော့ မရှိသေးဘူး။ စင်ကာပူကကြေညာတာက အင်ဒိုနီးရှားထုတ်တယ် ကိုရီးယားလည်းပါတယ်။ ဒိုင်တွေဖြစ်တဲ့ စူပါမားကတ်တွေ အိုရှင်းစင်တာတွေပေါ့။ ရန်ကုန်မှာ အဓိက စစ်နေပါတယ်” ဟု ၎င်းကပြောသည်။

ထားဝယ်ဈေးကွက်တွင် ထိုင်းနိုင်ငံထုတ် မျက်လုံးတံဆိပ် မာမားခေါက်ဆွဲထုပ်ထက် အထက်ပါ Spicy အသင့်စား ခေါက်ဆွဲထုပ်များကို လူငယ်အများစုကြိုက်နှစ်သက်ကြပြီး အခြားတံဆိပ်များထက် အရောင်းသွက်လျှက်ရှိသည်ဟု ကုန်စုံဆိုင်အရောင်းပိုင်ရှင်တစ်ဦးက ပြောသည်။

“Spicy ဆိုပြီးပေါ်လာကတည်းက လူကြိုက်များတယ်။ အခြားတံဆိတ်တွေထက်သူက ပိုပြီး ရောင်းရတယ်။ လူငယ်တော်တော်များများက အစပ်ကြိုက်ကြတယ်” ဟု ၎င်းက ဆိုသည်။

Ethylene oxide သတ်မှတ်ပမာဏထက်ပိုမိုပါဝင်နေသည့် အစားအသောက်များကို ရေရှည်စားသုံးမိပါက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ ထိခိုက်ပျက်စီးနိုင်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။

စားသုံးရန်မသင့်‌ကြောင်း ကြေညာခံထားရသည့် အစားအသောက်များတွေ့ရှိပါက ဖျက်ဆီးမည်ဟု ၎င်းက ပြောသည်။

“အဓိက ရှောင်တစ်ခင်စစ်ဆေးပါတယ်။ ‌တွေ့ရှိပါက အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များရှေ့မှောက်မှာ ဖျက်ဆီးပါတယ်” ဟု ၎င်းက ဆိုသည်။

အထက်ပါခေါက်ဆွဲထုပ် ခြောက်မျိုးသည် မြန်မာနိုင်ငံသို့ တရားဝင်တင်သွင်းထားသည့် ပစ္စည်းများ မဟုတ်ဘဲ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာနိုင်သည့်အတွက် စားသုံးသူများအနေဖြင့် သက်တမ်းကုန်ရက်စွဲကို တိုက်ဆိုင်စစ်ဆေးပြီး ဝယ်ယူစားသုံးကြရန်လည်း FDA က ထုတ်ပြန်ကြေညာထားသည်။