ဘုတ်ပြင်း-ကော့သောင်းလမ်းတွင် တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်လာ

0
3954
ဘုတ်ပြင်း ကော့သောင်းလမ်းတနေရာ

ကော့သောင်းခရိုင် ဘုတ်ပြင်း-ကော့သောင်းပြည်ထောင်စုလမ်းတွင် ယခုလပိုင်းအတွင်း တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်လာနေကြောင်း ဒေသခံများနှင့် ခရီးသွားပြည်သူများထံမှ သိရသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ ထိတွေ့တိုက်ပွဲ အနည်းငယ်သာရှိခဲ့သည့် ကော့သောင်း ခရိုင်တွင် စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် တိုက်ပွဲအကြိမ်ရေ စိပ်လာနေခြင်းဖြစ်သည်ဟု ဆိုသည်။

“တိုက်ပွဲတွေက နည်းနည်းစိပ်လာနေသလို အစစ်အဆေးတွေလည်း များလာနေတယ်။ သတင်းလေသံ နားထောင်ပြီး တော့ပဲ သွားနေရတယ်၊ ခုချိန်မှာ” ဟု မြိတ်-ကော့သောင်းခရီးသည် ယာဉ်မောင်းတစ်ဦးက ပြောသည်။

ကော့သောင်းနှင့် မြိတ်သို့သွားလာရာတွင် ယခင်ကစိုးရိမ်ပူပန်မှုများ မရှိသော်လည်း လက်ရှိတိုက်ပွဲများ ကြားလာ နေရသည့်အတွက် စိုးရိမ်ပူပန်နေရကြောင်း ကော့သောင်း-မြိတ် ခရီးသွားလာနေသည့် ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။

“အရင်လတွေကထက်စာရင်တော့ နည်းနည်းစိုးရိမ်မိတယ်ပေါ့” ဟု ၎င်းက ဆိုသည်။

ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းပေါ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့က ဘုတ်ပြင်းမြို့နယ်၊ ဝါးဒင်းရွာနှင့် ဝါးချောင်းရွာကြားတွင် တစ်ကြိမ်၊ စက်တင်ဘာ ၂၅ ရက်နေ့တွင် ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ချောင်းကဖက်ရွာတွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းနောက် ယခုအောက်တိုဘာ ၈ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင်လည်း ဝါးချောင်းရွာအနီးတွင် တိုက်ပွဲထပ်မံဖြစ်ပွား ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်၊ တပ်ရင်း (၁) က သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲအများစုမှာ စစ်ကောင်စီထောက်ပို့ယာဉ်တန်းနှင့် စစ်ယာဉ်တန်းအား ‘နန်းထိုက်အောင်စစ်ဆင်ရေး’ အမည်ဖြင့် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပူးပေါင်းမဟာမိတ်တပ်တို့က ကြားဖြတ်ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မဟာမိတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ၄ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် ဧပြီနှင့် မေလအတွင်းကလည်း ဘုတ်ပြင်းမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ လေးကြိမ်ဝန်းကျင်ဖြစ်ပွား ခဲ့သေးကြောင်း ဒေသကာကွယ်ရေးတပ်များနှင့် ဒေသခံများထံမှ သိရသည်။

ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းအသုံးပြုနေကြသည့် ယာဉ်များကိုလည်း မှန်ချမောင်းနှင်ရန်နှင့် စစ်ယာဉ်တန်းနှင့် နီးကပ်စွာ သွားလာခြင်းမပြုကြရန် ဒေသပြည်သူ့ကာကွယ်ရေးတပ်က မေတ္တာရပ်ခံထားသည်။

ဘုတ်ပြင်း-ကော့သောင်းလမ်းကို မြိတ်၊ တနင်္သာရီ၊ ပြည်ကြီးမဏ္ဍိုင်၊ ဘုတ်ပြင်း၊ ခမောက်ကြီး၊ ကရသူရိ၊ ကော့သောင်း စသည့်မြို့နယ်၊ မြို့နယ်ခွဲများနှင့် ယင်းမြို့နယ်တို့ရှိကျေးရွာများမှ ဒေသခံပြည်သူများ ကုန်စည်စီးဆင်းသွားလာရာတွင် တစ်ခုတည်းသော ကုန်းလမ်းဖြစ်သည်။