ရော်ဘာအစေးရည် ဈေးမဖွင့်နိုင်သေး

0
3626

ထားဝယ်တွင် မိုးမပြတ်သေးသဖြင့် ရော်ဘာအစေးရည် ဈေးမဖွင့်နိုင်သေးကြောင်း ရော်ဘာအစေးရည် ဝယ်ယူနေသည့် စက်ရုံအချို့ထံက သိရသည်။

ထားဝယ်ခရိုင်တွင် သီတင်းကျွတ်ကာလလွန်အထိ မိုးရွာနေခြင်းကြောင့် ရော်ဘာခြစ်တောင်သူများ ရော်ဘာကောင်းကောင်းခြစ် မရသေးသဖြင့် ဈေးလည်းမဖွင့်နိုင်သေးဟု ထားဝယ်ရွှေပြည်အဆင့်မြင့် မှိုင်းခံစက်ရုံမှ မန်နေဂျာ ကိုထွန်းထွန်းလတ်က ပြောသည်။

“နည်းနည်း နည်းနည်းတောင် မရသေးဘူး၊ အနည်းငယ်ပဲ ရသေးတယ်၊ မိုးရွာနေတာနဲ့ပဲ အစေးကခြစ်မရဘူးလေ၊ အစေးခြစ်မရတော့ အစေးရည်မရဘဲဖြစ်နေတာပေါ့” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်က အောက်တိုဘာ ၂ ရက်နေ့မှစတင်ကာ ရော်ဘာအစေးရည် ဝယ်ယူနေပြီဖြစ်သော်လည်း ယခုနှစ်တွင် မိုးကြောင့် ရော်ဘာအစေးရည် မရသေးသဖြင့် ဈေးမဖွင့်နိုင်သေးခြင်းဖြစ်သည်။

အောက်တိုဘာ ၁၆ ရက်၊ ၁၇ ရက်ခန့်တွင် ရော်ဘာအစေးရည် စတင်ဝယ်ယူနိုင်မည်ဟု ခန့်မှန်းထားပြီး လက်ရှိ အစေးရည် လာရောက်ရောင်းချနေသူများကို တစ်ပေါင် ခန့်မှန်းဈေး ၁၃၅၀ ကျပ်ဖြင့် ဝယ်ယူပေးနေသည်ဟု ၎င်းက ပြောသည်။

အနောက်တောင် မုတ်သုတ်လေသည် အောက်တိုဘာလ ၁၁ ရက်မှ ၁၃ ရက်နေ့အတွင်း မြန်မာနိုင်ငံတဝှမ်းလုံးမှ ဆုတ်ခွာသွားဖွယ်ရာရှိသည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ရော်ဘာအစေးရည်ဝယ်ယူရန်မှာ ရာသီဥတုနှင့်သက်ဆိုင်နေပြီး မိုးမပြတ်သေးပါက ရော်ဘာအစေးရည်သယ်မရဟု ထားဝယ်နဂါးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးရဲထွဋ်နိုင်က ပြောသည်။

“အစေးရည်မဝင်သေးတော့ ကျွန်တော်တို့ဈေးမဖွင့်ထားသေးဘူး၊ မနှစ်နဲ့ ဒီနှစ်နဲ့ Weather မတူပါဘူး၊ ဒီနေ့တောင် မိုးရွာနေသေးတယ်၊ ရော်ဘာအစေးရည်က မိုးရွာရင် ကျွန်တော်တို့က သယ်လို့မရဘူး၊ ကျွန်တော်တို့ မဝယ်သေးဘူး” ဟု ဦးရဲထွဋ်နိုင်က ဆိုသည်။

မိုးတိတ်လိုက် ရွာလိုက်အခြေအနေတွင် ခြစ်ထားသည့် ရော်ဘာခြံရှင်များမှာ အစေးရည်ရောင်းမရသေးသဖြင့် နေလှန်းပြား လုပ်ရောင်းကြသည်ဟု ၎င်းက ပြောသည်။

စက်ရုံမှ အစေးရည်ဝယ်သည့်အခါ အစေးရည်ကိုရောင်းကြသည်ဟုလည်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ် ရော်ဘာရာသီအစတွင် ရော်ဘာအစေးရည်တစ်ပေါင် ၁၂၅၀ ကျပ်ခန့်ရှိသည်။