ပုလောပစ်ခတ်မှုအတွင်း ပြည်သူလေးဦးဒဏ်ရာရ

0
3946

မြိတ်ခရိုင်၊ပုလောမြို့နယ်တွင် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်က ပုလောမြို့နယ်၊ တပိုရွာအနီးတွင် မြိတ်ဘက်မှလာသည့် စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲခံခဲ့ရသည်။

မိုင်းဆွဲခံရမှုကြောင့် အရှိန်တင်မောင်းနှင်သွားသည့် ယင်းကားများပေါ်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များနှင့် ပရိဘောဂပစ္စည်းများလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများကပြောသည်။

“တပိုမှာ မိုင်းဆွဲခံရတော့ ယာဥ်တန်းမောင်းပြေးရင်း ကားပေါ်ကနေ ထိုးထိုးပစ်တာ လမ်းတစ်လျှောက်လုံး အိမ်တွေထိမိထိရာထိတယ်။ လူလေးယောက်လည်း ထိသံကြားရတယ်။ ရွာထဲကို သီးသန့် ဆင်းပြီးပစ်တာတော့ မဟုတ်ဘူး။ မောင်းပြေးရင်း ရမ်းပစ်သွားကြတာ”ဟု ဒေသခံအမျိုးသား ကပြောသည်။

ယင်းပစ်ခတ်မှုကြောင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားအချို့လည်း ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံအမျိုးသား နောက်တစ်ဦး ကပြောသည်။

“မှောက်ခုံဝပ်နေတာတောင် လက်မှာရှပ်ထိသွားတယ်။ ခြေမှာ (ခြေထောက်ကို) ထိတဲ့ သူတွေလည်းရှိတယ်။ နေအိမ်တွေလည်း အများကြီးပဲထိတာ။ ပစ်ပြေးပြီးတော့မှ အဲဒီအနားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကပဲ(ဒဏ်ရာကို) လာချုပ်ပေးသွားကြတယ်”ဟု ၎င်းကပြောသည်။

မြိတ်မှလာသည့် စစ်ယာဥ်တန်း ၉ စီးကို အောက်တိုဘာ ၁၂ ရက်နေ့နံနက် ၇ နာရီတွင် တောကြီးမြွေဟောက်အဖွဲ့က မိုင်းဆွဲခဲ့ပြီး ၁ စီးထိမှန်သွားကြောင်း ပုလောမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ထုတ်ပြန်ခဲ့သည်။

စစ်ယာဥ်တန်းပေါ်မှ ပစ်ခတ်မှုကြောင့် တပိုရွာနေအမျိုးသမီး ၁ ဦးခြေထောက်တွင် ရှပ်ထိပြီး ဇရပ်ဆိပ်ရွာနေ သက်ကြီးရွယ်အို ၁ ဦး၏ ပေါင်တွင်လည်း ကျည်ထိမှန်ကာ ကလေး ၁ ဦးနှင့် ဇာတီတောင်ဘုန်းကြီးကျောင်းအနီး ထော်လာဂျီမောင်းသူ  ၁ ဦး ရှပ်ထိခဲ့သည်ဟု ပုလောမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ထုတ်ပြန်ထား သည်။

ကားပေါ်မှပစ်ခတ်သွားခြင်းကြောင့်တပို၊ဇရပ်ဆိပ်၊ မိန်းမမြို့၊ဘိုင်းပြင်၊ မင်းပြင်၊ပလကျေးရွာတို့မှ ပြည်သူနေအိမ် ၄၀ ခန့်ကျည်ထိမှန်ပြီး အမိုးအကာ ပေါက်ပြဲကာ နေအိမ်အတွင်းရှိ TV အပါအဝင် ပရိဘောဂပစ္စည်းများ ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းနောက် စစ်ယာဥ်တန်းသည် ပလကျေးရွာမှ တိုကျေးရွာ ပိတပ်တံတားအထိ ပြည်သူများ၏ ကားများအကြားတွင် အကာအကွယ်ယူကာ ညှပ်၍ လိုက်ပါသွားသည့်အတွက် မက်ရှင်အား ဖျက်သိမ်းလိုက်ရသည်ဟု ရေးသားထားသည်။

နှစ်ဖက်တိုက်ပွဲဖြစ်နေစဥ်အတွင်း စစ်ကောင်စီတပ်များက ပြည်သူ့ကားများကို ချောဆွဲကာ တိုက်ပွဲအတွင်း အသုံးပြုနေသဖြင့် တိုက်ပွဲဖြစ်နေစဥ်အတွင်း မောင်းနှင်ခြင်းများတွေ့ရှိပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)အနေဖြင့် စစ်ရေးအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ထားသည်။

ပုလောမြို့နယ်၊ကဒဲကျေးရွာအနီးတွင် ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နေ့က နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်မှ ချောဆွဲလာသည့် ကားသမား ၂ ဦး တိုက်ပွဲအတွင်း သေနတ်ထိမှန်သေဆုံးခဲ့ရကြောင်း ဒေသခံများ ထံမှသိရသည်။