သရက်ချောင်းမြို့နယ်ထွေအုပ်ရုံးတွင် အသံဗုံးပေါက်ကွဲ

0
4197

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အောက်တိုဘာလ ၁၃ ရက် ယနေ့ နံနက် ၈ နာရီခန့်က အသံဗုံးပေါက်ကွဲကြောင်း ဒေသခံအချို့က ပြောသည်။

“ဗုံးကတော့ အသံဗုံးလို့ပြောတယ်။ လူထိခိုက်မှုအခြေအနေတော့ မသိသေးဘူး။ အသံဗုံးဆိုတော့ လူထိခိုက်မှုရှိမှာ မဟုတ်ဘူးထင်တယ်” ဟု မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။

မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ မြို့မရပ်ကွက်တွင် ထားဝယ်-မြိတ်သွားသည့် ကားလမ်းနံဘေးတွင် တည်ရှိပြီး ထားဝယ်မြို့မှ ၁၇ မိုင်ခန့်အကွာတွင် တည်ရှိသည်။

ယင်းရုံးအနီးတွင် လူနေအိမ်များ၊ လက္ဘရည်ဆိုင်များ၊ မြို့မဈေးတို့တည်ရှိသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဈေးသွားဈေးလာများ၊ သီတင်းကျွတ်ကာလတွင် အလှူပွဲသွားလာသူများ၊ သွားလာနေကြသည့် ပြည်သူများ အထိတ်တလန့်ဖြစ်ကာ ရုတ်ရုတ်သဲသဲဖြစ်သွားကြောင်း မြို့ပေါ်ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မအစ်မ ဈေးကိုသွားတော့ အဲဒီဘက်မှာ ရှုပ်နေလို့ဆိုပြီး ခပ်သုတ်သုတ်ပြန်လာတယ်။ သူ့ကိုတော့ စစ်တာဆေးတာ မရှိဘူး” ဟု ၎င်းက ဆိုသည်။

ဗုံးကွဲသည့် နေရာအနီးတဝိုက်ရှိ ဈေးဆိုင်များတွင် စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးမှုများပြုလုပ်နေပြီး လမ်းသွားလမ်းလာများကို စစ်မစစ်ဆိုသည်ကိုမူ အတိအကျ မသိကြောင်း အထက်ပါအမျိုးသမီးက ပြောသည်။