တနင်္သာရီတိုင်းတွင် တစ်နှစ်အတွင်း အရပ်သားနေအိမ် တစ်ရာကျော် မီးရှို့ခံရ

0
2891
မေ ၂၁ ရက်နေ့က တနင်္သာရီမြို့နယ်အတွင်းရှိ တကူကျေးရွာနှင့် သရဘွင်ကျေးရွာတို့တွင် အိမ်မီးရှို့ခံရစဥ်

 အာဏာသိမ်းပြီး တစ်နှစ်အတွင်း တနင်္သာရီတိုင်းတွင် အရပ်သားနေအိမ် တစ်ရာကျော်မီးရှို့ခံရပြီး မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အများဆုံးဖြစ်ကြောင်း  Southern Monitor အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ စက်တင်ဘာလအထိ စုစည်းထားသည့် အချက်အလက်များအရ စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံအဖွဲ့စည်းများ လက်ချက်ဖြင့် တိုင်းအတွင်း အရပ်သားနေအိမ် ၁၀၅ လုံး မီးရှို့ခံရသည်ဟု Southern Monitor ကအောက်တိုဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တိုင်းအတွင်း မြိတ်ခရိုင်ပုလောမြို့နယ်တွင် ၃၇ လုံး၊ သရက်ချောင်းမြို့နယ်တွင် ၃၁ လုံး၊ တနင်္သာရီမြို့နယ်တွင် ၁၈ လုံး၊ ရေဖြူမြို့နယ်တွင် ၈ လုံး၊ ထားဝယ်မြို့နယ်တွင် ၆ လုံး၊ ဘုတ်ပြင်းမြို့နယ်တွင် ၃ လုံး၊ လောင်းလုံးမြို့နယ်တွင် ၁ လုံးနှင့် မြိတ်မြို့နယ်တွင် ၁ လုံး မီးရှို့ခံရသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PDF တပ်ဖွဲ့များမှ စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်နေခြင်းကြောင့် အနီးဝန်းကျင်ရှိ အရပ်သားနေအိမ်များကို မီးရှို့ခြင်း၊ နှစ်ဖက်တိုက်ပွဲများဖြစ်ပြီးနောက် မီးရှို့ခြင်း၊ စစ်ကြောင်းထိုးလာစဥ် ဒေသခံများ ထွက်ပြေးတိမ်းရှောင်စဥ် မီးရှို့ခြင်းများ ဖြစ်ခဲ့သည်ကို လေ့လာတွေ့ရှိရကြောင်း Southern Monitor မှရေးသားထားသည်။

တနင်္သာရီတိုင်းအတွင်း နှစ်ဖက်တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာနေပြီး စစ်ရှောင်စခန်းများတွင် လက်ရှိစစ်ဘေးရှောင်နေသူ ငါးထောင်ဝန်းကျင်ရှိကြောင်း စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် အဖွဲ့များထံမှသိရသည်။

Southern Monitor သည် တနင်္သာရီတိုင်းအတွင်း ဖြစ်ပေါ်နေသည့် လူမှုစီးပွားရေး၊ ပဋိပက္ခအခြေအနေ၊ စစ်ဘေးရှောင်ပြည်သူများ အရေးနှင့်လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်များကို စောင့်ကြည့်လေ့လာပြီး ပြည်တွင်းနှင့်နိုင်ငံတကာ အဖွဲ့အစည်းများ ပိုမိုသိရှိနိုင်စေရန် လေ့လာတင်ပြပေးသည့် လွတ်လပ်သော သုတေသနအဖွဲ့တစ်ခု ဖြစ်သည်။