မြိတ်တွင် ကိုဗစ်ရောဂါဖြင့် ရဟန်းတစ်ပါး ပျံလွန်တော်မူ

0
3877

မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်ကုသရေးဆောင်တွင် အောက်တိုဘာလ ၆ ရက်နေ့က ကိုဗစ်နိုင်တင်း ရောဂါပိုးစစ်ဆေးတွေ့ရှိသည့် အသက်ကြီး ရဟန်းတစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း မြိတ်အခြေစိုက် နာရေးကူညီမှုအသင်းက အတည်ပြုပြောဆိုသည်။

အဆိုပါ ပျံလွန်တော်မူခဲ့သည့် ရဟန်းနှင့် ဆက်စပ်သူတို့တွင် ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးခဲ့ရာ ငါးဦးတွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့ကြောင်း မြိတ်အခြေစိုက် နာရေးကူညီမှုအသင်း တစ်သင်းမှ တာဝန်ခံက ပြောပြသည်။

မြိတ်တွင် အောက်တိုဘာ ၄ ရက်နေ့က အချုပ်ကျနေသည့် အမျိုးသားတစ်ဦးတွင် ကိုဗစ်ပိုးစတင်‌တွေ့ရှိခဲ့ပြီး ၎င်းနှင့် ဆက်စပ်မိသားစုဝင် ငါးဦးတွင် ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း နာရေးကူညီမှုအသင်း တာဝန်ခံက ဆက်လက်ပြောပြသည်။

အဆိုပါ အချုပ်ကျနေသည့် အမျိုးသားအား အမိန့်ချမည့်နေ့တွင် မိသားစုဝင်တို့က လာရောက်တွေ့ဆုံကြသဖြင့် ကို‌ဗစ်ပိုးကူးစက်ခံရခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်း တာဝန်ခံက ဆက်လက်ပြောပြသည်။

“ပိုးတွေ့တဲ့သူတွေနဲ့ ထိတွေ့ဆက်စပ်တဲ့သူတွေကို Home Quarantine အဖြစ် သတ်မှတ်‌ပေးထားပါတယ်” ဟု အထက်ပါ တာဝန်ခံက ပြောသည်။

ပိုးတွေ့ဆက်စပ်သူတို့အား ဆယ်ရက်ကြာ Home Quarantine အဖြစ်သတ်မှတ်ထားသည့် နေအိမ် ငါးဆောင်ခန့်တွင် စုစုပေါင်းလူဦးရေသုံးဆယ်ဦးခန့် ရှိကြောင်း သိရသည်။

ကို‌ဗစ်ပိုးတွေ့သူတို့မှာ မြိတ်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်ကုသရေး‌ဆောင်တွင် ဆေးဝါးကုသမှုခံ‌ယူနေကြောင်း သိရသည်။

ယင်းကဲ့သို့ မြိတ်တွင် ကိုဗစ်ပိုးတွေ့သူများ ရှိလာနေသဖြင့် နေအိမ်အပြင်ထွက်ပါက နှာခေါင်းစည်းများတပ်ဆင်ပြီး သွားလာကြရန်၊ လူစုလူဝေးများရှောင်ရှားကြရန် သက်ဆိုင်ရာအဖွဲ့များက ရပ်ကွက်များအတွင်း မော်တော်ယာဉ်တို့ဖြင့် လိုက်လံကြေညာနေသည်။

မြိတ်တွင် အောက်တိုဘာလ ၄ ရက်နေ့က ကိုဗစ်ပိုးတွေ့သူ ၁ ဦး၊ အောက်တိုဘာ ၅ ရက်နေ့တွင် ၆ ဦးနှင့် အောက်တိုဘာ ၆ ရက်နေ့တွင် ၇ ဦး စုစုပေါင်း ၁၄ ဦးရှိပြီဖြစ်ကြောင်း တိုင်းကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။