တနင်္သာရီတိုင်းတွင် ကိုဗစ်ကူးစက်ခံရသူများလာ

0
4140

တနင်္သာရီတိုင်းတွင် ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ခံရသူပမာဏ  မြင့်တက်လျက်ရှိကြောင်း တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

တနင်္သာရီတိုင်းတွင် စက်တင်ဘာလ ၁ ရက်မှ အောက်တိုဘာလ ၆ ရက်အထိ တစ်လကျော်ကာလအတွင်း ကိုဗစ်ပိုးတွေ့လူနာ ၉၂ ဦးရှိကြောင်း တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာန စာရင်းအရသိရသည်။

စက်တင်ဘာလ ပထမပတ်တွင် ပိုးတွေ့သူတစ်ဦး၊ ဒုတိယအပတ်တွင် ၁၃ ဦး၊ တတိယအပတ်တွင် ၁၂ ဦး၊ နောက်ဆုံးအပတ်တွင် ၂၅ ဦးနှင့် အောက်တိုဘာလ ပထမအပတ်တွင် ၃၉ ဦး တွေ့ရှိခဲ့ရာ စုစုပေါင်း ၉၁ ဦးစစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းကာလအတွင်း ကိုဗစ်စစ်ဆေးသူ ငါးထောင်ကျော်ရှိသည့်အနက် ၉၂ ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် သက်သာလာသဖြင့် ဆေးရုံဆင်းလူနာ ၇၀ ဦးရှိပြီး တစ်ဦးသေဆုံးကာ ကျန် ၂၀ ဦးမှာ ဆေးကုသဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထားဝယ်မြို့နယ်တွင် ကိုဗစ်ပိုးတွေ့ရှိမှုအများဆုံးဖြစ်ပြီး စုစုပေါင်း ၅၇ ဦးရှိသည်။

ကော့သောင်းမြို့တွင်မူ ထိုင်းနိုင်ငံရှိ အချုပ်မှ ပြန်လွတ်လာပြီး ပြည်တွင်းပြန်ဝင်လာသူ အများစုတွင် ကိုဗစ်ပိုးဆက်တိုက် စစ်ဆေးတွေ့ရှိနေသည်။

ကိုဗစ်နိုင်တင်းရောဂါ ကူးစက်မှု ပြန်လည်မြင့်တက်လာချိန်နှင့် တနင်္သာရီတိုင်းတွင် အလှူအတန်းများပြုလုပ်ကြသည့် ပွင့်လင်းရာသီမှာ တိုက်ဆိုင်နေသည်။

စစ်ကောင်စီကလည်း သပိတ်မျှောပွဲကို စည်စည်ကားကားကျင်းပရန် စီစဉ်နေချိန်ဖြစ်သည်။

တော်လှန်ရေးအင်အားစုများဘက်ကမူ သပိတ်မျှောပွဲမသွားကြရန် တိုက်တွန်းထားပြီး အောက်တိုဘာလ ၅ ရက်ညနေပိုင်းကလည်း ထားဝယ်မြို့ကမ်းနာလမ်းရှိ သပိတ်မျှောပွဲ ကျင်းပမည့်နေရာကို Guerrilla Dawei အဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီဘက်ကမူ သပိတ်မျှောပွဲကို ကိုဗစ်စည်းကမ်းနှင့်အညီကျင်းပမည်ဖြစ်ပြီး ကိုဗစ်လူနာများကို ကုသမူပေးနိုင်ရန်လည်း ကြိုတင်စီစဉ်ထားကြောင်း ပြောဆိုထားသည်။