လူကုန်ကူးခံရသူများကို ပိတ်လှောင်ကာ နှိပ်စက်ညှင်းပန်းနေသော မြဝတီမြို့ကရေထောင်

0
3974

လူကုန်ကူးခံရသူများကို ဖမ်းဆီးပိတ်လှောင်ကာ နှိပ်စက်ညှင်းပန်းပြီး အလုပ်ခိုင်းစေနေသော မြန်မာနိုင်ငံ၊ မြဝတီမြို့က ရေထောင်အကြောင်းကို ပြန်လည်လွတ်မြောက်လာသည့် အိန္ဒိယအိုင်တီ ပညာရှင်တစ်ဦးကဖွင့်ဟလိုက်သည်။

လွတ်မြောက်လာသော အိန္ဒိယအိုင်တီပညာရှင်မှာ နီဇမ်မာဘတ်ပြည်နယ်မှဖြစ်ပြီး လွန်ခဲ့သော ၄ ရက်ခန့်က ထိုင်းနိုင်ငံမှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူ တစ်ဦးဖြစ်သည်။

၎င်းက ပြန်လည်ပြောပြခဲ့သော ကြောက်စရာကောင်းလှသည့် ရေထောင်အကြောင်းကို The Times of India သတင်းဌာနက အောက်တိုဘာလ ၅ ရက်နေ့တွင် ဖော်ထုတ်ရေးသား လိုက်ခြင်းဖြစ်သည်။

လူမှုကွန်ရက်ရှိ အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းဆိုသည်များက ထိုင်းနိုင်ငံတွင်  လစာကောင်းသော အလုပ်ရမည်ဆိုကာ အိန္ဒိယအိုင်တီပညာရှင်များကို ဆွဲ‌ဆောင်ပြီးနောက် လူကုန်ကူးကာ ထိုင်းနိုင်ငံနယ်စပ်ဖြစ်သော မြန်မာနိုင်ငံ မြဝတီမြို့သို့ ခေါ်ဆောင်ကာ အဓမ္မဖမ်းဆီးလိုက်ကြသည်။

ယင်းနောက်တွင် ဆိုရှယ်လ်မီဒီယာမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများစွာကို အတင်းအကျပ်စေခိုင်းခံရတော့သည်။

ခိုင်းစေသောအရာများကို လုပ်ရန် ငြင်းဆန်မိပါက ဆိုးရွားသောပုံစံများဖြင့် နှိပ်စက်ညှင်းပန်း ခံကြရကြောင်း ၎င်းကဆိုသည်။

“အားလုံးက ရေထောင်ကို ကြောက်တယ်။ သူတို့ခိုင်းတာ ငြင်းလိုက်တာနဲ့ အဲဒီရေထောင်သို့ ခေါ်သွားပြီး လက်ထိပ်ခတ်၊ ပုခုံးအထိ ရေနစ်အောင်လုပ်ပြီး မတ်တပ်ရပ်ခိုင်းထားတယ်။ အဲလိုမျိုး ၈ နာရီကနေ ၁၀ နာရီအထိကြာအောင် ခိုင်းထားတာ” ဟု ၎င်းကပြောဆိုသည်။

ညှင်းပန်းနှိပ်စက်သောနည်းလမ်းများတွင် ခြေထောက်တစ်ခုနှင့် တစ်ခုကြားတွင် တုတ်ချောင်းတစ်ချောင်းထားကာ ထိုတုတ်ချောင်းပေါ်တွင် နာရီပေါင်းများစွာ ထိုင်‌ခဲ့ရကြောင်း ပြန်လည်လွတ်မြောက်လာသူ ဟိုက်ခရာဘတ်ပြည်နယ်မှ IT ပညာရှင်တစ်ဦးက သူ၏အတွေ့ကြုံကို ပြောပြခဲ့သေးသည်။

ဟိုက်ဒရာဘတ်ပြည်နယ်မှ သူအပါအဝင် နှစ်ဦးသည် ပိတ်လှောင်ခံထားရသော မြဝတီမြို့မှတစ်ဆင့် လွတ်မြောက်ရန် ဒေါ်လာ ၅၀၀၀ ကျော်အထိ ငွေညှစ်ခံခဲ့ရသည်။

သူတို့တောင်းသည့် ငွေပေးလိုက်သဖြင့် ၎င်းတို့ကို ထိုင်းနိုင်ငံဘက်သို့ လှေဖြင့်ပြန်ပို့ပေးခဲ့ကြောင်း အဆိုပါလွတ်မြောက်လာသူက ပြန်လည်ပြောဆိုမှုကို The Times of India သတင်းဌာနက ရေးသားထားသည်။

ယင်းမြဝတီမြို့ရှိ လူကုန်ကူးခံရသူများကို ပိတ်လှောင်ထားသော နေရာတွင် အိန္ဒိယအိုင်တီ ပညာရှင် ရာနှင့်ချီ ပိတ်မိနေသေးကြောင်း ၎င်းကဆိုသည်။

လူကုန်ကူးခံရသောနေရာတွင် လူငယ်အများစုအပါအဝင် လက်နက်ကိုင်ထားသူများ‌ နေရာတိုင်းတွေ့ရှိရပြီး လူတစ်ဦးစီက သေစေနိုင်သော လက်နက်များ ကိုင်ထားကြကြောင်း လွတ်မြောက်လာသူနှစ်ဦး၏ ပြောကြားချက်အရသိရသည်။

ဟိုက်ဒရာဘတ်မှ လွတ်မြောက်လာသူများသည် အိန္ဒိယနိုင်ငံသို့ပြန်ရန်အတွက် ဘန်ကောက်ရှိ အိန္ဒိယသံရုံးကို ပထမဆုံးဆက်သွယ်ခဲ့ရကြောင်း၊ ထိုင်းအာဏာပိုင်များကလည်း ၎င်းတို့ လူကုန်ကူးခံရပြီး ပိတ်လှောင်ခံခဲ့ရသည့် အကြောင်းကို အချိန် ၈ နာရီ-၁၀နာရီ ကြာအထိ မေးမြန်းခဲ့ကြောင်း ၎င်းတို့ကဆိုသည်။

“မြဝတီမြို့မှာ ပိတ်လှောင်ခံထားရသူတွေကို ဆိုရှယ်လ်မီဒီယာကနေ ငွေကြေးလိမ်လည်ဖို့ သေနတ်ထောက် အတင်းအကျပ်ခိုင်းစေခဲ့တဲ့ အခြေအနေတွေကို (သူတို့က)ပြောပြခဲ့တယ်” ဟု လူမှုကူညီရေးလုပ်သား Amjed Ullah Khan ကဆိုခဲ့သည်။

၎င်းတို့မှာ ထိုင်းနိုင်ငံကိုပြန်ရောက်ခဲ့သော်လည်း နယ်စပ်ကိုဖြတ်ပြီး နောက်တစ်ကြိမ် လူကုန်ကူးခံရမည်ကို စိုးရိမ်နေသေးကြောင်း ၎င်းတို့ထံမှသိရသည်။

ပြီးခဲ့သော အောက်တိုဘာ ၂ ရက်နေ့က အိန္ဒိယနိုင်ငံသား IT ကျွမ်းကျင်ပညာရှင် ၅၀၀ ကျော်အထိ မြန်မာနိုင်ငံနယ်နမိတ်အတွင်း ဖမ်းဆီးပိတ်လှောင်ခံထားရဆဲဖြစ်ပြီး နေ့ရောညပါ အလုပ်လုပ်ရန် စေခိုင်းခံနေရဆဲဖြစ်ကြောင်း အိန္ဒိယသတင်းဌာန GoaChronicle တွင် ရေးသားခဲ့သေးသည်။

လူကုန်ကူးခံရပြီး ပိတ်လှောင်ခံရသူများ ပြန်လွတ်ရန်အတွက်လည်း crypto-currency ကဲ့သို့သော ဆိုင်ဘာငွေကြေးလုပ်ငန်းများအထဲမှ ငွေကြေးအမြောက်အများ ရှာဖွေပေးခဲ့ရန် ခြိမ်းခြောက်ငွေညှစ်ခံနေရကြောင်း အိန္ဒိယအစိုးရအဖွဲ့က ပြောကြားထားသည်။

Ref: The Times of India