ထားဝယ် အိမ်ခြံမြေစျေးကွက် အရောင်းများပြီး အဝယ်မရှိ

0
3972

မြန်မာကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်းချိန်က အရောင်းအဝယ်သွက်ခဲ့သည့် ထားဝယ်အိမ်ခြံမြေဈေးကွက်သည် လက်ရှိတွင် ရောင်းလိုသူများသော်လည်း အဝယ်မရှိသလောက် ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်အချို့ထံမှ သိရသည်။

ဖေ့ဘုတ်အွန်လိုင်းပေါ်ရှိ ထားဝယ်အိမ်ခြံမြေ ရောင်းဝယ်ရေး ဂရုများတွင်လည်း ရောင်းချရန် ကြော်ငြာသူက များနေသည်။

ရွှေဈေးအဆမတန် မြင့်တက်ခဲ့သည့် ဩဂုတ်လအတွင်းက ထားဝယ်မြို့ပေါ်တွင် အိမ်ခြံမြေ အရောင်းအဝယ်သွက်ခဲ့ပြီး တစ်လလျှင်မြေကွက် ၁၀ ကွက်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုသည်။

အရောင်းအဝယ်သွက်နေသည့် အိမ်ခြံမြေဈေးကွက်သည် စက်တင်ဘာလ နှောင်းပိုင်းမှစကာ အဝယ်မရှိသလောက် နည်းပါးလာကြောင်း ၎င်းကပြောသည်။

“အရောင်းအဝယ် တော်တော်လေး ပါးနေပါတယ်။ ငွေဂျမ်း(ငွေမလည်ပတ်နိုင်) ဖြစ်နေကြတယ်လို့ ကြားတယ်ရှင်”ဟု ၎င်းက ပြောသည်။

အိမ်ခြံမြေအရောင်းအဝယ် ကောင်းခဲ့ချိန်က ထားဝယ်မြို့အတွင်းနှင့် မြို့သစ်ဘက်တွင် ကျပ်သိန်းရာဂဏန်းမှ ထောင်ဂဏန်းတန် မြေကွက်များ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ထားဝယ်ဒေသနေသူများကပင် ဝယ်ယူကြကြောင်း အထက်ပါ အကျိုးဆောင်က ဆိုသည်။

လက်ရှိကြုံတွေ့နေရသည့် စီးပွားရေးအကျပ်အတည်းကြောင့် ငွေလိုအပ်သူများလာပြီး အိမ်ခြံမြေကို ရောင်းချလိုသူပိုများကာ ဝယ်သူမရှိခြင်းကြောင့် ဖြစ်နိုင်ကြောင်း ကိုယ်ပိုင်အလူမီနီယံဆိုင် ဖွင့်ထားသည့် ထားဝယ်မြို့နေ အမျိုးသားတစ်ဦးက ဆိုသည်။

“အခုက လူတိုင်း ကျပ်တည်းလာကြတယ်။ ငွေလိုလာကြတော့ ရှိတာလေးတွေပဲ ရောင်းလာကြတာပါ။ အသေးစား လုပ်ငန်းတွေဆို ရပ်ကုန်တာများတယ်”ဟု၎င်းက ပြောသည်။

စီးပွားရေးလုပ်ငန်းရှင်အချို့၏ အဆိုအရ လက်ရှိမြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေချိန်တွင် အိမ်ခြံမြေဝယ်ပြီး ရင်းနှီးမြှုပ်နှံမည့်အစား ငွေဖြစ်လွယ်သည့် (ရောင်းချရန် လွယ်သည့်) ရွှေနှင့် ဒေါ်လာဝယ်ယူရောင်းချခြင်းက ပိုမိုအကျိုးရှိစေသည်ဟု ဆိုသည်။

ကော့သောင်းမြို့တွင်လည်း အိမ်ခြံမြေ အရောင်းအဝယ် အေးစက်နေပြီး ရောင်းချသူပိုများနေကြောင်း အဆိုပါမြို့မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်လပိုင်းကမူ ထားဝယ်ဒေသကဲ့သို့ပင် အိမ်ခြံမြေ အရောင်းအဝယ် သွက်ခဲ့သည်ဟု ဆိုသည်။

ထိုအချိန်က ကော့သောင်းတွင် ကျပ်သိန်းရာဂဏန်းတန်ဖိုးရှိ အိမ်ခြံမြေများ အရောင်းအဝယ်သွက်နေပြီး ကျပ်သိန်း ထောင်ဂဏန်းတန် အိမ်ခြံမြေမှာ အရောင်းအဝယ် နည်းပါးသည်ဟု ဆိုသည်။

လက်ရှိတွင် အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်နှင့် ရွှေဈေးမှာ တည်ငြိမ်မှုမရှိဘဲ အတက်အကျကြမ်းနေသည်။