ထိုင်း-မြန်မာ မောတောင်နယ်စပ်ဂိတ် နံနက်ပိုင်းတွင်သာ ဖွင့်မည်ဟုဆို

0
3850

ထိုင်း-မြန်မာ မောတောင်နယ်စပ်ဂိတ်ကို နေ့စဥ်နံနက်ပိုင်းတိုင်း ပုံမှန်ပြန်ဖွင့်မည်ဟု အောက်တိုဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့သည့်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြကြောင်း မြိတ်မြို့နေ ကုန်သည်ကြီးများထံမှ သိရသည်။

အောက်တိုဘာ ၅ ရက် ညက နယ်စပ်ဂိတ်အနီးတွင် တိုက်ပွဲဖြစ်ပွားသဖြင့် နယ်စပ်ဂိတ်ကို ယာယီပိတ်မည်ဟု ထိုင်းဘက်မှ ကုန်သည်များအား ပြောဆိုခဲ့သည်။

ယင်းကြောင့် ပြန်လည်ဆွေးနွေးခဲ့ကြရာ ပိတ်ရက်(တနင်္ဂနွေနေ့)မှလွဲပြီး နေ့စဥ်နံနက်ပိုင်း အချိန်တွင်နယ်စပ်ဂိတ်ဖွင့်ရန် ဆုံးဖြတ်ခဲ့သည်ဟု ကုန်သည်များကဆိုသည်။

“ထိုင်းဘက်ရော မြန်မာဘက်ပါ ပြောကြတယ်။မြန်မာဘက်က ပုံမှန်ဖွင့်မယ်။ ထိုင်းဘက်ကတော့ နံနက်ပိုင်းပဲ ဖွင့်ပေးမယ်။ နေ့လယ်ပိုင်းကတော့ လုံခြုံရေးအခြေနေအရ မလုပ်ပေးနိုင်ဘူးလို့ပြောတယ်”ဟု မြိတ်မြို့နေ ကုန်သည်ကြီး တစ်ဦးကပြောဆိုသည်။

အလားတူ မြိတ်မြို့မှ ထိုင်းနိုင်ငံသို့ရေထွက်ပစ္စည်း တင်ပို့နေသည့် ကုန်သည်အချို့နှင့် ကားသမားအချို့ကလည်း နယ်စပ်ဂိတ်ပုံမှန်ပြန်ဖွင့်မည်ဟု သိရှိရကြောင်း ပြောသည်။

“ဂိတ်ကတော့ အရင်လိုပုံမှန်တိုင်းပြန်ဖွင့်မယ်၊ တနင်္ဂနွေတစ်ရက်ပိတ်ပြီး ကျန်တဲ့နေ့တွေ ဖွင့်မယ်။ လာမယ့်တနင်္လာနေ့ ပြန်ဖွင့်မယ်လို့သိရတယ်”ဟု ရေထွက်ပစ္စည်း တင်ပို့နေသည့် ကုန်သည်တစ်ဦးကပြောသည်။

ထိုင်း-မြန်မာနယ်စပ် မောတောင်-စင်းခွန်ဂိတ်ကို ကိုဗစ်ကပ်ရောဂါနှင့် လုံခြုံရေးအခြေအနေများကြောင့် ပိတ်ထားသည်မှာကြာပြီဖြစ်ပြီး ပြီးခဲ့သည့်နှစ်လခန့်မှစပြီး ပြန်ဖွင့်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် အောက်တိုဘာ ၅ ရက်နေ့ညက မြန်မာကုန်သွယ်ရေးဂိတ်အနီး တိုက်ပွဲဖြစ်ခဲ့ပြီး ထိုင်းဘက်မှ ယာယီပြန်ပိတ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

တိုက်ပွဲဖြစ်စဥ်အတွင်း ပြည်သူ့စစ်ခေါ် ပျူစောထီးတစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးခြောက်ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။