တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
3642

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ

ထိုင်းမူကြိုကျောင်းအတွင်း ပစ်ခတ်မှုဖြစ်ပွား

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နွန်ဘိုဝါလမ်ဖူခရိုင်မှာရှိတဲ့ မူကြိုကျောင်း နေ့ကလေးထိန်းစင်တာထဲသို့ ရဲအရာရှိဟောင်းတစ်ဦး ဝင်ရောက်ပစ်ခတ်ခဲ့လို့ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး လူ ၃၆ ဦး သေဆုံးခဲ့ပါတယ်။

မူကြိုကျောင်းထဲမှာရှိတဲ့ ကလေးတွေ အိပ်ပျော်နေတဲ့အချိန် အောက်တိုဘာလ ၆ ရက်နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

သေဆုံးခဲ့သူအများစုမှာ မူကြိုကျောင်းသား ကလေးငယ် ၂၂ ဦးပါဝင်နေကြောင်း ရဲတပ်ဖွဲ့က နေ့လယ်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ပစ်ခတ်ခဲ့သူဟာ အသက် ၃၄ နှစ်အရွယ်ရှိတဲ့ ရဲမှူးဟောင်း Panya Kamrab အမည်ရှိသူဖြစ်ပြီး ပစ်ခတ်ပြီးတဲ့နောက် ကားနဲ့ထွက်ပြေးသွားခဲ့ကာ သူ့ကိုယ်တိုင်နဲ့ ဇနီး၊ ကလေးကိုပါ ပစ်သတ်ခဲ့ပါတယ်။

Ref: The Nation Thailand

………………………………..

မြောက်ကိုးရီးယားက ဂျပန်နိုင်ငံအကျော်ကို ပဲ့ထိန်းဒုံးကျည်နဲ့ ပစ်ခတ်ပြ

မြောက်ကိုရီးယားဟာ ဂျပန်နိုင်ငံကို ကျော်လွန်ကာ ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၄ ရက်က ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်ခတ်ခဲ့ပါတယ်။ 

အဆိုပါပစ်ခတ်မှုကြောင့် ဂျပန်နိုင်ငံမြောက်ပိုင်းမှာ ရထားပြေးဆွဲမှုကို ယာယီရပ်ဆိုင်းထားဖို့ ဒေသခံတွေကို သတိပေးချက်ထုတ်ပြန်ထားပါတယ်။ 

ဂျပန်အစိုးရက သူ့နိုင်ငံသားတွေကို အကာအကွယ် ယူထားကြဖို့ သတိပေးထားပြီး ဒုံးကျည်ဟာ ပစိဖိတ်သမုဒ္ဒရာထဲကို မကျရောက်မီ သူ့ရဲ့ပိုင်နက်နယ်မြေကို ဖြတ်ကျော်ပျံသန်းသွားခဲ့ပါတယ်။

အဆိုပါဒုံးကျည်ဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယားကနေ ဂျပန်ကို ဖြတ်ကျော်ကာ ပစ်လွှတ်ခဲ့တဲ့ ပထမဆုံးဒုံးကျည်ဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကတော့ ထိုလုပ်ရပ်ကို ရိုင်းစိုင်းတယ်လို့ဆိုကာ ရှုတ်ချခဲ့ပါတယ်။

Ref: The New York Times

………………………………..

ရေနံထုတ်လုပ်မှုလျှော့ချဖို့ ရေနံထုတ်နိုင်ငံတွေ သဘောတူ

အမေရိကန်နဲ့ တခြားနိုင်ငံတွေက ရေနံထုတ်လုပ်မှု လျှော့ချတာကို ဆန့်ကျင်နေပေမဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါနောက်ပိုင်း ရေနံထုတ်လုပ်မှုကို လျှော့ချဖို့ရေနံထုတ်လုပ်ရောင်းချသူများအဖွဲ့ (OPEC+) က သဘောတူလိုက်လို့ ရေနံစျေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။

OPEC+ က ရေနံထုတ်လုပ်မှု လျော့ချလိုက်ရင် လွန်ခဲ့တဲ့သုံးလက ဒေါ်လာ ၁၂၀ ကနေ ဒေါ်လာ ၉၀ လောက်အထိ ကျဆင်းသွားခဲ့တဲ့ ရေနံစျေးနှုန်းတွေ ပြန်လည်ကောင်းလာဖို့ တွန်းအားဖြစ်စေနိုင်ပါတယ်။

ကမ္ဘာ့စီးပွားရေးကျဆင်းမှု၊ အမေရိကန်အတိုးနှုန်း မြင့်တက်မှုနဲ့ ဒေါ်လာတန်ဖိုး ပိုမိုအားကောင်းလာမှာတွေကို စိုးရိမ်နေကြပါတယ်။

City Index မှ အကြီးတန်း ဘဏ္ဍာရေးစျေးကွက် လေ့လာဆန်းစစ်သူ ဖီအိုနာ စင်ကော့တာကတော့ ရေနံထုတ်လုပ်မှုလျှော့ချဖြတ်တောက်မှုကို မျှော်မှန်းထားတဲ့အတွက် ခုသီတင်းပတ်မှာ ရေနံစျေး မြင့်တက်လာမယ်လို့ ခန့်မှန်းပါတယ်။

Ref: CNBC

………………………………..

ရုရှားထိန်းချုပ်ခံ ရွာတွေကို ယူကရိန်းပြန်သိမ်း

ယူကရိန်းတပ်တွေဟာ ခါဆွန်းဒေသတောင်ပိုင်းမှာ နောက်ထပ် ရွာများကို သိမ်းပိုက်နိုင်တယ်လို့ သမ္မတ ဇလန်းစကီးက အောက်တိုဘာ ၅ ရက် မိန့်ခွန်းမှာ ပြောပါတယ်။

ခါဆွန်းမြို့အရှေ့ပိုင်းမှာရှိတဲ့ ရွာသုံးရွာရဲ့ နာမည်တွေကို ယူကရိန်းသမ္မတက သူ့မိန့်ခွန်းမှာ ထည့်ပြောသွားပြီး ၂၄ နာရီအတွင်း သိမ်းပိုက်နိုင်တယ်လို့ ပြောပါတယ်။

ရုရှားသမ္မတပူတင်ကတော့ ယူကရိန်းနယ်မြေတွေကို ရုရှားနဲ့ ပေါင်းစည်းလိုက်တဲ့ ဥပဒေကို လက်မှတ်ထိုးလိုက်ပါတယ်။

သမ္မတ ပူတင်က ဘယ်လိုပဲ လက်မှတ်ထိုးပေမဲ့ အဲဒီနယ်မြေတွေကို ရုရှားတပ်တွေက အပြည့်အဝ ထိန်းချုပ်ထားနိုင်တာ မဟုတ်ဘဲ ယူကရိန်းတပ်တွေရဲ့ တန်ပြန်ထိုးစစ်ကြောင့် ရုရှားတပ်တွေဟာ နဂိုက သိမ်းယူထားတဲ့ နယ်မြေတွေကနေ ပြန်လည်ဆုတ်ခွာ ထွက်ပြေးနေရပါတယ်။

Ref: Euro News

………………………………..

ပါကစ္စတန်ရေဘေး ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ အာရှဖွံ့ဖြိုးရေးဘဏ်ပံ့ပိုးမယ်‌

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကနေ ပါကစ္စတန်ရေဘေး ကယ်ဆယ်ရေးအတွက် ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံအထိ ထောက်ပံ့ပေးမယ်လို့ ပါကစ္စတန်ဘဏ္ဍာရေး ဝန်ကြီးဌာနကနေ အောက်တိုဘာလ ၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဒီကြေညာချက်က ADB ရဲ့ဒါရိုက်တာမစ္စတာ Yong Ye နဲ့ ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီး မစ္စတာ Ishaq Dar တို့ အစ္စလာမာဘတ်မှာ တွေ့ဆုံပြီးတဲ့နောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီငွေတွေထဲမှာ စီးပွားရေး မတည်ငြိမ်မှုကို တန်ပြန်ဖို့ အစိုးရ ပြန်လည်ရုန်းထနိုင်ရေး (BRACE) လို့လူသိများတဲ့ အကူအညီအတွက် ခွင့်ပြုချက်ရရှိမဲ့ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံလည်း ပါဝင်ခဲ့ပါတယ်။

Ref: Nikkei Asia

………………………………..

ဟိမဝန္တာတောင်တန်း နှင်းခဲပြိုကျလို့ လူ ၁၀ ဦးထက်မနည်းသေဆုံး

အိန္ဒိယနိုင်ငံ၊ ဟိမဝန္တာတောင်တန်းတွေမှာ နှင်းတွေပြိုကျတာကြောင့် လူ ၁၀ ယောက်ထက်မနည်း သေဆုံးပြီး ၁၉ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပိတ်မိနေတဲ့ တောင်တက်သမားအုပ်စုဆီကို ရောက်ရှိဖို့ ကယ်ဆယ်ရေးသမားတွေ ကြိုးပမ်းနေကြပြီး အောက်တိုဘာ ၅ ရက်မှာတော့ နှင်းတွေကြောင့် နှောင့်နှေးနေရတယ်လို့ ဒေသဆိုင်ရာ ရဲအရာရှိတွေက ပြောကြားပါတယ်။

သင်တန်းဆရာ ၇ ယောက် လိုက်ပါပြီး သင်တန်းသား ၃၄ ယောက် ပါဝင်တဲ့ နေရူးတောင်တက်ခရီးသွားလာရေးအဖွဲ့ဟာ အောက်တိုဘာလ ၄ ရက် မနက် ၈ နာရီ ၄၅ မိနစ်က နှင်းတောင်ပြိုကျမှုအတွင်း ပိတ်မိခဲ့တာပါ။

သူတို့ထဲက ၁၂ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်းအထိ အလောင်း ၁၀ လောင်းကို ရှာဖွေတွေ့ရှိထားပါတယ်။

Ref: The Indian Express

………………………………..

အင်ဒိုနီးရှား ဘောလုံးပွဲအဓိကရုဏ်း လူ ၁၂၉ ဦးကျော်သေဆုံး

အင်ဒိုနီးရှားနိုင်ငံမှာ ဘောလုံးပွဲ အဓိကရုဏ်းတခုအတွင်း လူအုပ်ပြိုကျပြီး နင်းမိကြလို့ လူ ၁၂၉ ဦးထက်မနည်း သေဆုံးပြီး အယောက် ၃၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က အောက်တိုဘာ ၂ ရက်မှာ ပြောပါတယ်။

အရှေ့ဂျာဗားပြည်နယ်မှာ အာရေမာ FC နဲ့ ပါဆေဘာယာ ဆူရာဘာယာ အသင်းတို့ရဲ့ အောက်တိုဘာ ၁ ရက်ည ပွဲစဉ်ပြီးတဲ့နောက် ရှုံးတဲ့အသင်းကို ထောက်ခံသူတွေက ကွင်းထဲ၀င်ခဲ့ လို့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။

လူအုပ်ကြီး ပြိုကျ နင်းမိကုန်တဲ့အပြင် အသက်ရှူကြပ်သွားခဲ့ကြတာဖြစ်ပြီး လူပေါင်း ၃၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားပါတယ်။

အင်ဒိုနီးရှားဟာ လာမယ့်နှစ် မေနဲ့ ဇွန်လမှာ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်။

Ref: CNN

………………………………..

အာဏာသိမ်းခံရပြီးနောက် ဘာကီနာဖှာဆို သမ္မတနုတ်ထွက်

ဘာကီနာဖှာဆိုနိုင်ငံမှာ စစ်ခေါင်းဆောင် ဗိုလ်ကြီး အီဘရာဟင်မ် ထရာအိုး (Ibrahim Traore) က စက်တင်ဘာ ၃၀ ရက်မှာ အာဏာသိမ်းပြီးတဲ့နောက်မှာ သမ္မတက ရာထူးကနေ နုတ်ထွက်သွားပါတယ်။

အကြမ်းဖက်မှုတွေကို ရှောင်ရှားဖို့ သမ္မတ ပေါလ်ဟင်နရီဒါမီဘာ (Paul-Henri Damiba) က ကမ်းလှမ်းထားတဲ့ အခြေအနေအတိုင်း နုတ်ထွက်ခဲ့တာလို့ ဘာသာရေးနဲ့ ရိုးရာခေါင်းဆောင်တွေက အောက်တိုဘာ ၂ ရက်မှာ ပြောလိုက်ပါတယ်။

ထရာအိုးဟာ သမ္မတ ဒါမီဘာနဲ့ သူ့ကို ကျောထောက်နောက်ခံပေးတဲ့ စစ်သားတွေရဲ့ လုံခြုံရေးအတွက် ကတိပြုခဲ့ပါတယ်။

ဒါ့အပြင်  ၂၀၂၄ ခုနှစ်မှာ အခြေခံဥပဒေနဲ့အညီ ပြန်အုပ်ချုပ်မယ့် အနောက်အာဖရိက ဒေသဆိုင်ရာ အစုအဖွဲ့ကို ကတိပြုထားတဲ့အချက်တွေကိုလည်း သဘောတူခဲ့ပါသေးတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သဘောထားမှတ်ချက်ပေးဖို့ သမ္မတ ဒါမီဘာကို ဆက်သွယ်လို့မရဘဲ အောက်တိုဘာ ၂ ရက်မှာ နိုင်ငံကနေ ထွက်သွားပြီလို့ နီးစပ်တဲ့ မိသားစုဝင်တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

Ref: DW

………………………………..

ရန်စမှုတွေရပ်တာနဲ့ တူရကီနဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ဂရိဆို

တူရကီနိုင်ငံနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်လိုပြီး ဒီလိုဆွေးနွေးဖို့က တူရကီအနေနဲ့ ရန်စမှုတွေ ရပ်တန့်ရမှာ ဖြစ်တယ်လို့ ဂရိနိုင်ငံခြားရေးဝန်ကြီးကနေ အောက်တိုဘာလ ၂ ရက်နေမှာ ပြောကြားပါတယ်။

နေတိုးအဖွဲ့ဝင်နှစ်နိုင်ငံဖြစ်တဲ့ တူရကီနဲ့ ဂရိတို့က အစဉ်အဆက် နယ်မြေပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ အငြင်းပွားလေ့ရှိကြတဲ့ အိမ်နီးချင်းနှစ်နိုင်ငံလည်းဖြစ်ပါတယ်။

“ဒီလိုတွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာမလာကတော့ တူရကီရဲ့ ရွေးချယ်မှုအပေါ်မှာ မူတည်ပါတယ်၊ ဒါပေမဲ့ ဆွေးနွေးပွဲအတွက် အခြေခံလိုအပ်ချက်ကတော့ ရန်စတာတွေကို လျှော့ချဖို့ပါပဲ”လို့ ဝန်ကြီးက ဆိုထားပါတယ်။

လွန်ခဲ့တဲ့လက တူရကီသမ္မတ အာဒိုဂန်က ဂရိနိုင်ငံဟာ အာဂျီယန်ပင်လယ်မှာရှိတဲ့ စစ်မဲ့ကျွန်းတွေကို သိမ်းပိုက်ထားတယ်လို့ စွပ်စွဲပြောဆိုခဲ့ပြီး လိုအပ်ပါက ရင်ဆိုင်ဖို့အသင့်လို့လည်း ပြောဆိုထားပါတယ်။

Ref: Sky New

………………………………..

ဆွီဒင်မျိုးရိုးဗီဇပညာရှင် ဆေးပညာနိုဘယ်ဆု ဆွတ်ခူး

လူသားမျိုးစိတ်ရဲ့ ဆင့်ကဲပြောင်းလဲမှုတွေကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တဲ့ ဆွီဒင်မျိုးရိုးဗီဇပညာရှင် ဆဗန်တေးပါဘို (Svante Paabo) ဟာ ဒီနှစ်အတွက် ဆေးပညာနိုဘယ်ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။

ပါဘိုဟာ မျက်မှောက်ခေတ် လူသားမျိုးစိတ်တွေနဲ့ အနီးစပ်ဆုံး မျိုးစိတ်တွေဖြစ်တဲ့ Neanderthals နဲ့ Denisovans တို့ကြား မျိုးဗီဇအစုအဝေးကို နှိုင်းယှဉ်တဲ့ သုတေသနကို ဦးဆောင်ခဲ့ပြီး မျိုးစိတ်တွေကြားမှာ ရောယှက်မှုတွေ ရှိနေကြောင်း ဖော်ပြနိုင်ခဲ့တာပါ။

မျိုးသုဉ်းလုနီးပါး hominins မျိုးရိုးဗီဇတွေနဲ့ လူသားဆင့်ကဲဖြစ်စဉ်များဆိုင်ရာ ရှာဖွေတွေ့ရှိမှုတွေအတွက် ဆုပေးရေးကော်မတီက ၂၀၂၂ ခုနှစ်အတွက် နိုဘယ်လ်ဆုကို ရွေးချယ် ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။

Ref: Euro News

………………………………..