ထားဝယ်တွင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦး အမြင့်ဆုံးထောင်ဒဏ်များ ထပ်တိုးချခံရ

0
3950

ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို စစ်ကောင်စီက အမြင့်ဆုံးထောင်ဒဏ်များ ထပ်တိုးပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က သတင်းထုတ်ပြန်သည်။

ယခင်က ထောင်ဒဏ် ၂၆ နှစ် ထိချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုထွန်းဦးကို ထပ်တိုးထောင်ဒဏ် နှစ်၂၀ ထပ်ချမှတ်ခဲ့ပြီး ယခင် ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခံထားရသည့် ကိုရာဇာထွန်းကိုလည်း ထပ်တိုးထောင်ဒဏ် နှစ် ၂၀ ထပ်တိုး ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယခင်က ထောင်ဒဏ် ၈ နှစ်ချမှတ်ခံထားရသည့် ကိုမင်းဆက်မှူးကို ထပ်တိုးထောင်ဒဏ် နှစ် ၂၀၊ ယခင်က ထောင်ဒဏ် ၉ နှစ်ချမှတ်ခံထားရသည့် ကိုမြတ်ကျော်သူကိုလည်း ထပ်တိုးထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။  

ယင်းအပြင် ယခင်က ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခံထားရသည့် ကိုစိုင်းမင်းသူ (ခေါ်) ဖိုင်ဝမ်းကို ထပ်တိုးထောင်ဒဏ် ၁၀ နှစ်၊ ယခင်က ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရသည့် ကိုလင်းထက်ကိုကိုအား ထပ်တိုးထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြန်သည်။

ယခင်က ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရသည့် ကိုဆောင်းယုထွန်းကို ထပ်တိုးထောင်ဒဏ် ၁၀ နှစ်၊ ယခင်က ထောင်ဒဏ် ၉ နှစ်ချမှတ်ခံထားရသည့် ကိုသက်ပိုင်ဦးကို ထပ်တိုးထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။

ယခင်က ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသည့် ကိုအောင်အောင်လတ်အား ထပ်တိုးထောင်ဒဏ် ၁၀ နှစ်၊ ယခင်က ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသည့် ကိုအောင်အောင်ကို ထပ်တိုးထောင်ဒဏ် ၁၀ နှစ် အသီးသီးချမှတ်ခဲ့ကြောင်း အထက်ပါကွန်ရက်၏ ထုတ်ပြန်ချက်အရ သိရသည်။  

နိုင်ငံရေးအကျဉ်းသားများအပေါ် အမြင့်ဆုံးထောင်ဒဏ်များ ထပ်တိုးချမှတ်ပြခြင်းမှာ ပြည်သူလူထုကို ကြောက်လန့်အောင် လုပ်ခြင်းသာဖြစ်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကိန်းဂဏန်းအရကြည့်ရင် ကြောက်အောင်လုပ်တာပေါ့နော်။ ထပ်တိုးထောင်ဒဏ်တွေဟာ ကိန်းဂဏန်းတစ်ခုသာ ဖြစ်တယ်။ သူတို့ဟာ သိပ်မကြာခင်မှာ ပြန်လွတ်လာကြမှာပဲဆိုတာ ကျွန်တော်တို့ယုံကြည်တယ်” ဟု ၎င်းက ဆိုသည်။

ကိုထွန်းဦးနှင့် ကိုရာဇာထွန်း၊ ကိုမင်းဆက်မှူး၊ ကိုမြတ်ကျော်သူတို့ ၄ ဦးကို ပုဒ်မ ၅၀ ည၊ ပုဒ်မ ၅၄ နှင့် ပုဒ်မ ၃၀၂/ ၄၃ အတွက် ‌ထပ်တိုးထောင်ဒဏ် ၂၀ နှစ်စီချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါကွန်ရက်မှ တာဝန်ရှိသူက ပြောဆိုသည်။

ကိုစိုင်းမင်းသူ (ခ) ဖိုင်ဝမ်း၊ ကိုလင်းထက်ကိုကို၊ ကိုဆောင်းယုထွန်း၊ ကိုသက်ပိုင်ဦး၊ ကိုအောင်အောင်လတ်၊ ကိုအောင်အောင်တို့ ခြောက်ဦးကိုမူ ထပ်တိုးထောင်ဒဏ် ၁၀ နှစ်စီကို မည်သည့်ပုဒ်မဖြင့်ချမှတ်ခဲ့သည်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။