မောတောင်နယ်စပ်ဂိတ်အနီး တိုက်ပွဲဖြစ်ပြီး ဂိတ်ကို ထိုင်းဘက်က ယာယီပိတ်ဟုဆို

0
3816

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်မြို့တွင် တိုက်ပွဲဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် မောတောင်ဂိတ်ကို ပိတ်ထားမည်ဟု ထိုင်းနိုင်ငံဘက်ခြမ်းမှ တာဝန်ရှိသူများက ပြောကြောင်း ဒေသခံများ၊ ကုန်သည်နှင့် ကုန်ကားမောင်းသူအချို့က ပြောသည်။

မောတောင်နယ်စပ်မြို့တွင် အောက်တိုဘာ ၆ ရက်ည ၇ နာရီဝန်းကျင်က စစ်ကောင်စီတပ်၊ ပျူစောထီးတို့နှင့် ပြည်သူ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး ပျူစောထီးတစ်ဦး သေဆုံးကြောင်း ဒေသခံများက ပြောသည်။

“နကသ (နယ်စပ်ကုန်သွယ်ရေး) ဂိတ်နားမှာဖြစ်တာ။ ကရင်နီလို့ခေါ်တဲ့ ပြည်သူ့စစ်တစ်ဦးသေတယ်။ PDF တစ်ယောက်လည်း ထိသွားတယ်ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

တိုက်ပွဲဖြစ်ပြီးနောက် ည ၁၀ နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ သေးကြောင်း ဒေသခံတို့က ပြောသည်။  

“လူတွေက ပြေးတော့မပြေးကြသေးဘူး။ အိမ်တွေဆိုင်တွေတော့ တော်တော်များများ ပိတ်ပြီးနေနေကြတယ်” ဟု ဒေသခံအမျိုးသားက ပြောဆိုသည်။

မောတောင်နယ်စပ်ဂိတ်ကို ယနေ့ အောက်တိုဘာလ ၆ ရက် နံနက်တွင် ရောက်ရှိနေသည့် မြိတ်မြို့က ကုန်ကား မောင်းသူတစ်ဦးကလည်း မောတောင်မြို့တွင် စစ်ကောင်စီတပ်များ ရောက်ရှိနေကြောင်း ပြောသည်။

ထို့ကြောင့် ထိုင်းဘက်ခြမ်းက ဂိတ်တွင် ပစ္စည်းများချကာ ပြန်လှည့်လာပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“မြန်မာဘက် စစ်ဆေးရေးဂိတ်တွေမှာ ဌာနဆိုင်ရာတွေ တစ်ယောက်မှ မရှိတော့ဘူး။ ထိုင်းဘက်ကလည်း ဒီတစ်နေ့ပဲ ပစ္စည်းလက်ခံတော့မယ်ပြောတယ်။ ညနေတောင် ပစ္စည်းလက်ခံဖို့ မသေချာတော့ဘူး။ အကုန်ပိတ်ချဖို့ လုပ်နေကြပြီ” ဟု ၎င်းက ပြောသည်။

မြိတ်မြို့က ကုန်သည်တစ်ဦးကလည်း ဂိတ်ကို ယနေ့တစ်ရက်သာ ဖွင့်တော့မည်ဟု ထိုင်းဘက်က ပြောကြောင်း ပြောဆိုသည်။

“ဒီတစ်နေ့ပဲ ပို့လို့ရတော့မယ်။ မနက်ဖြန်ကစပြီး ပို့လို့မရတော့ဘူး။ ထိုင်းဘက်က ယာယီပိတ်လိုက်ပြီ” ဟု ၎င်းက ဆိုသည်။

ကိုဗစ်ရောဂါနှင့် မြန်မာဘက်ခြမ်းတွင် နယ်မြေမလုံခြုံသဖြင့် မောတောင်နယ်စပ်ဂိတ်ကို ထိုင်းဘက်က ပိတ်ထားရာမှ ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။