ပြည်သူများကြားက ကျပ်ငွေအတု

0
4327

အထွေထွေအကျပ်အတည်း ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများမှာ ဈေးကွက်အတွင်း ပျံ့နှံ့လာသော ကျပ်ငွေအတုများဒဏ်ကို ခံစားနေကြရသည်။

အာဏာသိမ်းပြီး တစ်နှစ်ခန့်အကြာတွင် ပြည်တွင်း၌ ကျပ်ငွေအတုများ ပေါများလာခြင်းဖြစ်ပြီး တရားဥပဒေစိုးမိုးမှု မရှိသည်ကို အခွင့်ကောင်းယူကာ ဈေးကွက်အတွင်း ကျပ်ငွေအတုများ ဖြန့်ချီလာခြင်းဖြစ်သည်။

ကျပ်ငွေအတုများကို လူသုံးများသည့် လူမှုကွန်ရက်တစ်ခုဖြစ်သော Facebook ပေါ်တွင် ပေါ်ပေါ်ထင်ထင်ကြော်ငြာ ရောင်းချနေသော်လည်း အ‌ရေးယူခံရခြင်း မရှိပေ။

နောက်ဆုံးတွင် ကျပ်ငွေအတုများ ဒဏ်ကို ပြည်သူလူထုကပင် ခါးစည်းခံကြရပြန်သည်။

တောင်ပိုင်းက ငွေတု

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း ကျပ်ငွေအတုများ ပျံ့နှံ့နေပြီဖြစ်သည်။

ထားဝယ်နှင့် မြိတ်မြို့တွင် တစ်သောင်းကျပ်တန်၊ ငါးထောင်ကျပ်တန် ငွေစက္ကူအတုဖြင့် ဈေးလာဝယ်သည့် ဖြစ်စဉ်ငါးခုကို Dawei Watch က စုံစမ်းသိရှိခဲ့သည်။

ယင်းဖြစ်စဉ်ငါးခုကို အသေးစိတ်သိရှိနိုင်ရန် ကိုယ်တိုင်ကြုံတွေ့ရသူများကို Dawei Watch က ဆက်သွယ်မေးမြန်းခဲ့ရာ ကျပ်ငွေအတုဒဏ်ခံခဲ့ရသော ဖြစ်စဉ်လေးခုကို မေးမြန်းအတည်ပြုနိုင်ခဲ့သည်။

ယင်းသို့ကြုံတွေ့ခဲ့ရသူများတွင် မိမိလက်ဝယ်ရောက်ပြီးမှ ငွေတုမှန်းသိရှိခဲ့ကြသဖြင့် ငွေများဆုံးရှုံးရသည်လည်း ရှိသည်။  

“ကျွန်တော်မှာတွေ့တဲ့ ငွေအတုဆိုရင် သုံးနေတာကြာပြီဖြစ်မယ်။ ပိုက်ဆံကဟောင်းပြီး နွမ်းနေပြီ။ ငွေကြိုးဆိုရင် အရောင်တွေတောင်ပျယ်နေပြီ။ ကြည့်လိုက်တာနဲ့ ငွေအတုမှန်းတန်းသိနိုင်မယ့် အနေအထားမျိုးဖြစ်နေပြီ” ဟု မြိတ်မြို့ခံ အရောင်းအဝယ်သမားတစ်ဦးက ဆိုသည်။

၎င်းသည် ကျပ်ငွေငါးထောင်းတန်အတုကို စက်တင်ဘာလ ဒုတိယအပတ်က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဘဏ်သို့ငွေလွှဲရန်သွားရောက်ရာမှ ‌ငါးထောင်ကျပ်တန် အတုမှန်းသိခဲ့ရခြင်းဖြစ်သည်။

၎င်းအမျိုးသား ဘဏ်တွင်‌ငွေအတုတွေ့သည့် တစ်နေ့တည်းတွင်ပင် အခြားသူတစ်ဦးထံတွင်လည်း အလားတူ တစ်သောင်းကျပ်တန် ငွေအတု ၁၁ ရွက်ကို ဘဏ်ကစစ်ဆေးတွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခံရကြောင်း မျက်မြင်တွေ့ရှိခဲ့သူ ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း လောင်းလုံးဒေသခံ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးထံ ငါးထောင်ကျပ်တန် ငွေအတုဖြင့် မျက်နှာစိမ်းအမျိုးသမီးတစ်ဦးက ဈေးလာဝယ်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးသည်။

ယင်းသို့ပင် Wave Money, KBZ Pay စသော အွန်လိုင်းငွေလွှဲလုပ်ငန်းများတွင်လည်း ကျပ်ငွေအတုဖြင့် ငွေလာလွှဲသည့်ဖြစ်စဉ်များ၊ အွန်လိုင်းဈေးရောင်းသူများထံတွင် ‌ကျပ်ငွေအတုဖြင့် ဈေးဝယ်သည့်ဖြစ်စဉ်များ ထားဝယ်၊ မြိတ်မြို့တို့တွင် လတ်တလော ခပ်စိပ်စိပ်တွေ့လာရသည်။

ဆိုရှယ်မီဒီယာပေါ်က ငွေအတုရောင်းဝယ်ရေး

Facebook ကဲ့သို့ မြန်မာနိုင်ငံတွင် လူသုံးများသည့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းကို အသုံးပြုပြီး ကျပ်ငွေအတုများ ပေါ်ပေါ်ထင်ထင် အရောင်းအဝယ် ပြုလုပ်နေကြခြင်းဖြစ်သည်။

“ငွေအတုရောင်းဝယ်ရေး” နာမည်ဖြင့်ပင် Facebook Page ပေါင်းများစွာကို ဖွင့်လှစ်ပြီး ပေါ်တင်‌ရောင်းချနေကြခြင်းဖြစ်သည်။

ကျပ်ငွေအတု ဆယ်သိန်းကို ကျပ်တစ်သိန်းဖြင့် ရောင်းချနေခြင်းဖြစ်ပြီး ဝယ်ယူမည့်သူက Wave Money, KPay တို့ဖြင့် ကြိုတင်ငွေပေးချေရကြောင်း သိရှိရသည်။

ငွေလွှဲဝင်လာပါက ကားဂိတ်မှတစ်ဆင့် (သို့မဟုတ်) အမြန်ချောပို့လုပ်ငန်း တစ်ခုခုမှတစ်ဆင့် ကျပ်ငွေအတုများ ပို့ပေးခြင်းဖြစ်ကြောင်း ယင်းငွေတုရောင်းဝယ်ရေး လုပ်ငန်းများ၏ ကြော်ငြာများအရသိရသည်။

ယင်းငွေအတုများမှာ စက္ကူအကောင်းစားဖြင့် ပြုလုပ်ထားသောကြောင့် အတုဟုပင် မသိနိုင်ကြောင်း ယင်းကြော်ငြာများတွင် ပါရှိသည်။

“(ကျပ်ငွေအစစ်နဲ့) လုံးဝချွတ်စွပ်တူစေရပါမယ်။ ရေထိဆေးမပြယ်စေရပါဘူး။ သေချာအောင် (ငွေအတုတွေကို) Video ရိုက်ပြီးပို့ပေးပါ့မယ်” ဟု ငွေအတုရောင်းဝယ်သူတစ်ဦးက ပြောဆိုသည်။

Dawei Watch သတင်းထောက်က အဆိုပါငွေတုလုပ်ငန်းကို ဝယ်မည့်သူဟန်ဆောင်ကာ ဆက်သွယ်မေးမြန်းသဖြင့် ၎င်းကယင်းသို့ ပြောဆိုလာခြင်းဖြစ်သည်။

အဆိုပါငွေအတုရောင်းဝယ်ရေး Facebook စာမျက်နှာများကို Like လုပ်ထားသူမှာ ရာဂဏန်းသာရှိနေသည်။

သို့သော် အဖွဲ့ဝင် ထောင်သောင်းချီရှိသည့် Facebook Group များသို့ဝင်ရောက်ကာ ကျပ်ငွေအတုကို ကြော်ငြာရောင်းချခြင်းဖြင့် လူအများထံသို့ ငွေအတုအရောင်းအဝယ်ပို့စ်များ အလွယ်တကူပျံ့နှံ့ရောက်နေသည်။

မည်သည့်ပို့စ်ကိုမဆို စိစစ်ခြင်းမရှိဘဲ တင်ခွင့်ပြုထားသည့် Facebook Group များတွင် အကောင့်တုများဖြင့် တစ်နေ့လျှင် အနည်းဆုံးတစ်ကြိမ်ခန့် ငွေအတုရောင်းဝယ်ရေးပိုစ့်ကို ဖြန့်ဝေနေခြင်းဖြစ်ကြောင်း တွေ့ရသည်။

Facebook Group များမှာ လူအများစိတ်ဝင်စားသည့် အကြောင်းအရာများကို တင်ခြင်းအားဖြင့် အဖွဲ့ဝင်များလာစေရန် ဆောင်ရွက်ကြသည်။

တရားဝင် သတင်းဌာနများမှ သတင်းများကို ခွင့်ပြုချင်တောင်းခံခြင်းမရှိဘဲ ရယူဖော်ပြသည်မျိုး ရှိသလို မဟုတ်မမှန်သည့် သတင်းများကို တင်ခြင်းဖြင့်လည်း လူစိတ်ဝင်စားမှု ရရှိစေရန် လုပ်ဆောင်ကြသည်။

ယင်းသို့အားဖြင့် အဖွဲ့ဝင်များ ထောင်၊သောင်းချီရှိသည့် အမည်အမျိုးမျိုးဖြင့် Group များကို ဖန်တီးထားကြခြင်းဖြစ်သည်။  

“Group Admin တွေက ဒါမျိုးငွေအတုတွေ ဖြန့်နေတာကို ဘန်း(ပိတ်)သင့်တယ်” ဟု မြိတ်မြို့ခံ ကုန်သည်တစ်ဦးကဆိုသည်။

သို့သော် ယင်း Facebook Group များကို မည်သူများက ထောင်ထားသည်ဆိုခြင်းကိုပင် သိရှိနိုင်ခြင်းမရှိပေရာ ယင်း Group Admin များကိုယ်တိုင် ပါဝင်နေနိုင်သည်ဟု ယူဆသူများလည်း ရှိနေသည်။

ကျပ်ငွေအတု ဘယ်ကလာလဲ

ကျပ်ငွေအတုများကို ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင်ထုတ်လုပ်ပြီး မြန်မာနိုင်ငံအတွင်းသို့ ဖြန့်ဖြူးနေခြင်းဖြစ်သည်ဟု သိထားရကြောင်း ပုဂ္ဂလိကဘဏ် အရာရှိတစ်ဦးက ပြောဆိုသည်။

ထိုင်းနိုင်ငံထုတ် အရည်အသွေးမြင့် Printer (ပုံနှိပ်စက်) ဖြင့် ထုတ်လုပ်ကြခြင်းဖြစ်ပြီး ထိုသို့ပုံနှိပ်ပြီးထွက်ရှိလာသည့် ‌ကျပ်ငွေအတုများမှာ အစစ်နီးပါးတူညီပြီး စစ်ဆေးရခက်ခဲကြောင်း ၎င်းဘဏ်အရာရှိကဆိုသည်။

“ထိုင်းက ပရင်တာတွေက မြန်မာပြည်ကထုတ်တဲ့ Four Colour Printer (ရောင်စုံပရင်တာ) တွေက ထုတ်တာထက်ပိုပြီး စစ်ရခက်တယ်။ ဆိုတော့ ဟိုဘက်နိုင်ငံက (ထိုင်းနိုင်ငံ) ဝင်တဲ့ဟာတွေဆိုပြီး ကောက်ချက်ချလို့ရတယ်” ဟု ၎င်းကပြောဆိုသည်။

လတ်တလောထွက်ပေါ်နေသည့် ကျပ်ငွေအတုကိစ္စအပေါ် သုံးသပ်ချက်မျိုးစုံရှိနေပြီး အချို့ကမူ ကျပ်ငွေအတုကို နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိ ဖြန့်ဖြူးနေခြင်းဖြစ်နိုင်ကြောင်း ပြောဆိုကြသူများလည်းရှိသည်။

စစ်ကောင်စီသည် ၎င်းတို့အားလက်နက်ကိုင်တော်လှန်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံသို့ ပြည်တွင်းမှငွေကြေး အထောက်အပံ့များကို ဖြတ်တောက်ပစ်ရန် ကြိုးပမ်းမှုများရှိနေသည်။

ကျပ်ငွေအတုပြဿနာမှာ ယင်းနှင့်ဆက်စပ်နိုင်သည်ဟုလည်း သုံးသပ်ကြသည်။

ကျပ်ငွေအတုများ ပြည်သူလူထုအကြားတွင် ပျံ့နှံ့မှုများလာပါက ငွေအတုကြောင့် ကျပ်ငွေအချို့ကို ဖျက်သိမ်းလိုက်သည်ဆိုကာ ကျပ်ငွေများ ဖျက်သိမ်းလိမ့်မည် ဟုဆိုကြသည်။

သို့သော် တိကျသည့် အထောက်အထားများ မရှိသည်ဖြစ်ရာ ဖြစ်နိုင်ချေနည်းသည့် သုံးသပ်ချက်ဟု ယူဆရမည်ဖြစ်သည်။

အခြား သုံးသပ်ချက်တစ်ခုကလည်း ကျပ်ငွေအတုများ ဈေးကွက်အတွင်းပျံ့နှံ့နေမှုကြောင့် လူအများက လက်ထဲတွင် ငွေသားထားရှိရန်ကြောက်ပြီး ဘဏ်များတွင် ငွေအပ်ကြလိမ့်မည်ဖြစ်ရာ ဘဏ်လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာရေးအတွက် ယင်းသို့လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟုလည်း ဆိုသည်။

သို့သော် မည်သည့်အတွက်ကြောင့် ကျပ်ငွေအတုများ ပျံ့နှံ့နေသည်ကိုမူ ကောက်ချက်ဆွဲရန် လုံလောက်သည့် အချက်များမတွေ့ရပေ။

စစ်ကောင်စီဘက်ကမူ ကျပ်ငွေကိုဖျက်သိမ်းမည်မဟုတ်ကြောင်း၊ ငွေအတုပတ်သက်ဆက်နွယ်သူများကို ဖမ်းဆီးအရေးယူနေကြောင်း ထုတ်ပြန်‌လေ့ရှိပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ယင်းသို့ပြောဆိုခဲ့ဖူးသည်။

သို့သော် ကျပ်ငွေတုများ ဈေးကွက်အတွင်း ပျံ့နှံ့နေသည်ကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီက ကျပ်ငွေအတု ဖြန့်ချီသူများကို ထိထိရောက်ရောက် ဖမ်းဆီးနိုင်ခြင်းမရှိသည်ကို ပြသနေသည်။

တနင်္သာရီတိုင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးကလည်း “ဘယ်တော့မှ ဒီငွေကြေးနဲ့ပတ်သက်လို့ မဖျက်သိမ်းပါဘူးလို့ ကြေညာပြီးသားပဲ။ ကိုယ့်လက်ထဲကငွေကို စိတ်မချဘူးဆိုရင် ဘဏ်မှာသွားအပ်လိုက်ပေါ့‌” ဟု ဩဂုတ်လအတွင်းက ပြောဆိုထားသည်။

လိမ်လည်သူလည်းရှိ

အွန်လိုင်း‌ပေါ်ရှိ ကျပ်ငွေအတု အရောင်းအဝယ်ကို သုံး၍ ငွေကြေးလိမ်လည်မှု များလည်းရှိကြောင်း Dawei Watch ၏ စုံစမ်းမေးမြန်းမှုများအရ တွေ့ရသည်။

ကျပ်ငွေအတုရောင်းသည်ဟုဆိုကာ ငွေကြိုလွှဲခိုင်းပြီးနောက် ငွေအတုများပေးပို့လာခြင်းမရှိဘဲ လွှဲလိုက်သည့်ငွေကို လိမ်သည့်နည်းလမ်းဖြစ်သည်။

ငွေအတုအရောင်းဝယ်သည့် Facebook စာမျက်နှာကို တစ်ဆင့်မျှဝေနေသူတို့သည် ပုဂ္ဂလိကဘဏ်နာမည်များကို အသုံးချကာ ငွေကြေးလိမ်လည်သည့် ပို့စ်များကိုလည်း Group များအတွင်းသို့ ဖြန့်ဝေနေကြသည်။

ကမ္ဘောဇ ဘဏ်၊ ဧရာဝတီဘဏ်၊ ကမ္ဘာ့ရတနာဘဏ် စသည့် ပုဂ္ဂလိကဘဏ်နာမည်များကို အသုံးချပြီး အသေးစားချေးငွေ ထုတ်ချေးပေးနေကြောင်း၊ ဘဏ်ဝန်ထမ်းဓာတ်ပုံများ၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းနှင့်တကွ လူမှုကွန်ရက်ပေါ်တင်ကာ ယုံကြည်ရသည့် ပုံစံရေးသားဖြန့်ဝေကြသည်။

ယုံကြည်သူများက မေးမြန်းစုံစမ်းလာပါက ယင်းစုံစမ်းလာသူကို ငွေကြေးမက်လုံးများဖြင့် ဆွဲဆောင်ကာ လိမ်လည်မှု စတင်ကြသည်။

ယင်းကြော်ငြာများကို ယုံကြည်ကာ ငွေချေးရန် သွားရောက်ဆက်သွယ်ခဲ့သူ ထားဝယ်ဒေသခံတစ်ဦး ငွေကျပ် ရှစ်သိန်း လိမ်ခံလိုက်ရသည်။

ကမ္ဘာ့ရတနာဘဏ်မှာ အသေးစားချေး‌ငွေ ထုတ်ချေးပေးသည်ဆိုသဖြင့် ဖုန်းဖြင့်ဆက်သွယ်ပြီး ငွေချေးရာမှ အလိမ်ခံရခြင်းဖြစ်ကြောင်း အလိမ်ခံရသူနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ဆိုသည်။

“အတိုးနည်းနည်းနဲ့ သိန်းသုံးရာ (ကျပ်) ရမယ်ဆိုလို့ ချေးလိုက်တာ ကိုယ့်ပိုက်ဆံတွေပါသွားတာ။ ဒီလိုမျိုးလည်း လိမ်တတ်ပါလား သိရတော့တယ်” ဟု ၎င်းကဆိုသည်။

စာရွက်စာတမ်းကြေး၊ အခွန်ဆောင်ရန်ဟုဆိုကာ ငွေကျပ် ရှစ်သိန်းကို နှစ်ကြိမ်ခွဲလွှဲခိုင်းခဲ့ကြောင်း ပထမဆုံးအကြိမ်မှာ ကျပ်နှစ်သောင်းသာလွှဲခိုင်းပြီး ဒုတိယအကြိမ် ရှစ် သိန်းကျပ်လွှဲခိုင်းခဲ့သည်ဟု ၎င်းကဆိုသည်။

တတိယအကြိမ် ထပ်လွှဲခိုင်းချိန်တွင် သံသယဝင်လာသဖြင့် ချေးငွေထဲမှဖြတ်ပြီး ကျန်ငွေကို‌ပို့ပေးရန်ပြောလိုက်ရာ နောက်ထပ်ဆက်သွယ်မလာတော့ကြောင်း ၎င်းကရှင်းပြသည်။

“ဘဏ်ကိုဖုန်းဆက်မေးတော့ သူတို့ဘဏ်မှာ ဒါမျိုးချေးငွေထုတ်ပေးတာ မရှိဘူးလို့ ပြောတယ်။ အဲဒီအချိန်မှ လိမ်ခံလိုက်ရမှန်းသိတာ” ဟု ၎င်းပြောသည်။

ငွေအတု‌အရောင်းသူနှင့် ပုဂ္ဂလိဘဏ်ချေးငွေအကြောင်းပြ လိမ်လည်သူတို့သည် သူတို့ထံဆက်သွယ်လာသည့် သားကောင်းများကို အလွတ်မပေးတော့ဘဲ “ မယူတော့ဘူးလား” ဆိုပြီး ဖုန်းဆက်ခြင်း သို့မဟုတ် မက်ဆေ့ပို့ခြင်းကို အဆက်မပြတ်လုပ်ဆောင်လေ့ရှိသည်။

ငွေအတု ထွက်ပေါက်

‌မှောင်ခိုလုပ်ငန်းများ၊ လိုင်စင်မဲ့ကားဈေးကွက် စသည့် ငွေအမြောက်အများအသုံးပြုသည့် တရားမဝင်လုပ်ငန်းများတွင် ကျပ်ငွေအတုကို အစစ်နှင့်ရောနှော အသုံးပြုလေ့ရှိကြောင်း ထားဝယ်နှင့် ကော့သောင်းမြို့တို့တွင် ကား၊ မြေ ပွဲစားလုပ်ကိုင်ဖူးသူတစ်ဦးက ဆိုသည်။

“ဒီကောင်တွေကို(ငွေအတုကို) ရွှေဆိုင်လိုမျိုးမှာ သွားလုပ်လို့မရဘူးလေ ဂွိသွားမှာပေါ့။ ကားလောကမှာဆိုရင် လိုင်စင်မဲ့ကားရောင်းဝယ်တဲ့နေရာမှာ ထည့်ကြတာ။ ပြောရမယ်ဆို တရားမဝင် ခိုးကြောင်း ခိုးဝှက် လုပ်ကြတဲ့နေရာမှာပေါ့။ အရင်တုန်းကတော့ အဲဒီလိုလုပ်ကြတယ်” ဟု ၎င်းကဆိုသည်။

ယင်းလုပ်ငန်းများမှတစ်ဆင့် ပြည်သူလူထုထံသို့ ငွေအတုများ ပျံ့နှံ့စီးဝင်လာခြင်း ဖြစ်ဖွယ်ရှိကြောင်း တွေ့ရသည်။

သာမန်ပြည်သူလူထုမှာ ငွေအတုအစစ် ခွဲနိုင်ရန် မလွယ်ကူသည်ဖြစ်ရာ ငွေအတုများ လူထုအကြား ရောက်ရှိလာပြီး အစစ်ဟုထင်ကာ လက်ဆင့်ကမ်း အသုံးပြုနေကြခြင်းဖြစ်သည်။

သို့သော် ရွှေဆိုင်၊ အပေါင်ဆိုင်၊ ဘဏ် စသဖြင့် ငွေတုကို ခွဲခြားစိစစ်လက်ခံသည့် နေရာရောက်မှသာ ငွေအတုမှန်းသိပြီး ဖျက်ဆီးသိမ်းဆည်း ခံလိုက်ရခြင်းဖြစ်သည်။

ယင်းအချိန်တွင် ငွေတုလက်ထဲ ကိုင်ထားသူမှာ ဆုံးရှုံးမှုကို ကြုံတွေ့ကြရသည်။

လတ်တလောတွင် ထားဝယ်နှင့် မြိတ်မြို့ဈေးကွက်ထဲတွင် ငွေအတုတွေ့မှု ခတ်စိပ်စိပ်ရှိလာကြသဖြင့် အရင်ကထက် သတိထားနေရကြောင်း လုပ်ငန်းရှင်အချို့ကပြောသည်။

“အတုဆိုရင် တစ်ထောင်တန်ပဲဖြစ်ဖြစ် ငါးထောင်တန်ပဲဖြစ်ဖြစ် ကိုယ့်လုပ်အားခထဲက ဆုံးရှုံးသွားရတာ။ သာမန်လက်လုပ်လက်စား လက်ထဲကို ဒီအတုတွေရောက်သွားရင် သူ့မိသားစုမှာ ဘာမဆိုဖြစ်သွားနိုင်တယ်” ဟု မြိတ်မြို့ခံ ရောင်းဝယ်ရေးသမားတစ်ဦးက ဆိုသည်။