ထိုင်း တာခ့်ခရိုင်တွင် တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၄ဦး ဖမ်းဆီးခံရ

0
3747

ထိုင်းနိုင်ငံ တာခ့်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၄ ဦးကို ယနေ့ အောက်တိုဘာလ ၅ ရက် နံနက်တွင် ဖမ်းမိကြောင်း အမှတ် ၃၅ ထိုင်းနယ်ခြားစောင့်တပ်က ထုတ်ပြန်ထားသည်။

မဲလမတ်ဒေသတွင် ယနေ့ နံနက် ၁နာရီခန့်က သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ရာ တောထဲ အမှောင်ထဲတွင် လမ်းလျှောက်နေကြသော မြန်မာအလုပ်သမား ၁၄ ဦးကို ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖမ်းဆီးချိန်တွင် ထိုင်းပွဲစားသည် မြန်မာအလုပ်သမားများကို ချန်ထားခဲ့ကာ ထွက်ပြေးသွားခဲ့ပြီး ကျန်ရစ်ခဲ့သော မြန်မာ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသူများသည် ကရင်ပြည်နယ် ဘားအံမြို့ကဖြစ်ပြီး မြဝတီမြို့အနီး သောင်ရင်းမြစ်ကို လှေဖြင့် ဖြတ်ကာ လာကြိုမည့်ကားဆီသို့ တောလမ်းအတိုင်း လမ်းလျှောက်နေကြကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာအလုပ်သမားများသည် ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နိုင်ရန် ထိုခရီးစဉ်အတွက် တစ်ဦးလျှင် ဘတ် ၂၀၀၀၀ မှ ၂၃၀၀၀ (၁၅ သိန်းမှ ၂၀ သိန်း) အထိ ကုန်ကျမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာအလုပ်သမားများကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် မဲလမတ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

ပြည်တွင်းတွင် မလုံခြုံမှု၊ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်လာသဖြင့် စားဝတ်နေရေးကျပ်တည်းလာမှု စသည်တို့ကြောင့် မြန်မာအလုပ်သမားများသည် ငွေကျပ် ၁၅ သိန်းမှ သိန်း ၄၀ အထိ အကုန်ကျခံကာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့သို့ တရားမဝင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသည်။

အောက်တိုဘာလ ၂ ရက်နေ့ကမူ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှု၊ အလုပ်သမားဥပဒေ ချိုးဖောက်မှုများကြောင့် ထိုင်းတောင်ပိုင်း အကျဉ်းထောင်များတွင် ပြစ်ဒဏ်အသီးသီးကျခံခဲ့ရပြီး လွတ်ရက်စေ့သော မြန်မာအလုပ်သမား ၁၇၈ ဦးကို ရနောင်းမြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ ပို့ဆောင်ပေးခဲ့သည်။