တနင်္သာရီတွင် ပျူစောထီးတစ်ဦးကို လက်နက်နှင့်အတူဖမ်းမိ

0
4207
Photo - နဂါးစစ်သည်

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာတွင် ပြည်သူ့စစ်ခေါ် ပျူစောထီးတပ်ဖွဲ့ဝင်တစ်ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိကြောင်း ဒေသခံများနှင့် နဂါးစစ်သည်စစ်ကြောင်း၏ ထုတ်ပြန်ချက်အရသိရသည်။

ညောင်ပင်ကွင်းရွာသား အသက် ၃၀ ကျော်အရွယ် ကိုနိုင်(ခေါ်)မတ်အီရှာ ဆိုသူအား အောက်တိုဘာ ၄ ရက်ညနေတွင် အမည်မသိလက်နက်ကိုင်အဖွဲ့မှ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဒေသခံများကပြောသည်။

“သူကကမ်းနားဦးမှာနေတယ်။ ညနေရေသွားချိုးချိန် အဖမ်းခံရတယ်လို့ မြင်တဲ့သူတွေကပြောတယ်။ လက်နက်အပြည့်အစုံနဲ့ အဖမ်းခံရတာ”ဟု ညောင်ပင်ကွင်းဒေသခံ အမျိုးသား ကပြောသည်။

ကိုနိုင်အဖမ်းခံရပြီးနောက် ပြန်လိုက်ရှာရန် စစ်ကောင်စီတပ်မှ ပျူစောထီးများအား ခိုင်းစေနေသည်ဟု ဒေသခံများကပြောသည်။

“စစ်တပ်ကလည်း ရွာမှာမရှိဘူး။ သူတို့လည်းလိုက်ပြီးမရှာကြဘူး”ဟု ဒေသခံအမျိုးသမီးက ပြောသည်။

ညောင်ပင်ကွင်းကျေးရွာနေ ကိုနိုင်(ခ)မတ်အီရှာ ဆိုသူအား မိမိတို့ “နဂါးစစ်သည်စစ်ကြောင်း”တပ်ဖွဲ့မှ သွားရောက် ဖမ်းဆီးခဲ့ကြောင်း စစ်ကြောင်း(၂)မဟာမိတ်တပ်ပေါင်းစု၊ သတင်းနှင့်ပြန်ကြားရေးက ယနေ့နံနက်တွင် ထုတ်ပြန်ထားသည်။

၎င်းနှင့်အတူ M-16 သေနတ် ၁ လက်၊လက်ပစ်ဗုံး ၁ လုံး၊စစ်သုံးကရိယာပစ္စည်း ၁ စုံ၊ ကျည်ဘောက် ၅ ခု၊ကျည် ၁၅၇ တောင့်ကိုလည်း သိမ်းဆီးခဲ့ပြီး နဂါးစစ်သည်များမှ သက်ဆိုင်ရာသို့ ပို့ဆောင် ထိန်းသိမ်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ညောင်ပင်ကွင်းရွာတွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်ကလည်း ရဲမွန် ဆိုသူအမျိုးသား ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသေးသည်။

၎င်းသည် စစ်ကောင်စီတပ်များအား သတင်းပေးခြင်း၊ဒရုန်းဖြင့် ပြည်သူ့ကာကွယ်ရေး တပ်များကို ခြေရာခံခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်နှင့် ဆက်နွယ်နေသူများကို ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်နေသည့်အတွက် ရှင်းလင်းခဲ့ကြောင်း တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

Photo – နဂါးစစ်သည်