ပန်းဒလဲရွာက မိသားစုဝင်သုံးဦး အသတ်ခံရ

0
5496

လောင်းလုံးမြို့နယ် ပန်းဒလဲရွာတွင် အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းက အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး၏ အလောင်းတွေ့ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

သေဆုံးသူများမှာ မိသားစုဝင်များဖြစ်ကြပြီး အသက် ၆၀ ဝန်းကျင်အရွယ် ဦးသောင်းနိုင်၊ ဇနီးဒေါ်တင်ရှိန်နှင့် သားဖြစ်သူ မောင်မင်းနိုင်တို့ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရုပ်အလောင်းများကို ယင်းနေ့ ညနေပိုင်းက ပန်းဒလဲရွာသင်္ချိုင်းနှင့် ဘောလုံးကွင်းကြားတွင် အခြားရွာမှ ဒေသခံ တစ်ဦးက တွေ့ရှိခြင်းဖြစ်ကြောင်း ပန်းဒလဲရွာ ဒေသခံတစ်ဦးက ဆိုသည်။

“သူတို့က ရွာကနေ ရှောင်ရှောင်ပြီးနေတာကြာပြီ။ သေနတ်ပစ်သံတောင်မကြားရဘူး” ဟု ၎င်းက ပြောဆိုသည်။

ဦးသောင်းနိုင်မှာ ပျူစောထီးအဖွဲ့ဝင်ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

၎င်းတို့ မိသားစုဝင်သုံးဦးစလုံးကို PDF အဖွဲ့များဖြစ်သည့် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လောင်းလုံး-ပကဖ) နှင့် DDT တပ်ခွဲ (၃) ထားဝယ် -ပကဖ အဖွဲ့တို့ပူးပေါင်း၍ စက်တင်ဘာလ ၄ရက် မွန်းလွဲ ၁ နာရီခန့်တွင် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့များက ထုတ်ပြန်ထားသည်။

အဆိုပါမိသားစု သုံးဦးစလုံးမှာ ပျူစောထီးခေါင်ဆောင် ဦးဇော် (သေဆုံး) ၏ တပည့်များဖြစ်ပြီး ကျေးရွာအတွင်း အကြမ်းဖက်မှုများစွာကိုလည်း ကျူးလွန်နေသူများဖြစ်သည့်အတွက် ရှင်းလင်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်‌တွင် ဖော်ပြထားသည်။

အထက်ပါ ထုတ်ပြန်ပြောဆိုချက်များနှင့် ပတ်သက်၍ Dawei Watch အနေဖြင့်မူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သေဆုံးသူများ၏ရုပ်အလောင်းများကိုမူ ယနေ့ အောက်တိုဘာ ၅ နံနက် ၁၁ နာရီအထိ လာရောက်သယ်ယူခြင်း မရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။