သီတင်းကျွတ်မီးအိမ်တွန်းလှည်း ယခုနှစ် ဝယ်သူနည်း

0
4202

ဆယ်စုနှစ် နှစ်ခုကျော် တိမ်မြုပ်နေရာမှ ပြန်လည်ခေတ်စားလာသည့် သီတင်းကျွတ်မီးအိမ်တွန်းလှည်းမှာ ယခုနှစ်တွင် ရောင်းအား ကျသွားကြောင်း မီးအိမ်လှည်းပြုလုပ်ရောင်းချသူထံမှ သိရသည်။

ပြီးခဲ့သည့် နှစ်လေးဆယ်ဝန်းကျင်က ထားဝယ်ဒေသတွင်ခေတ်စားခဲ့ပြီး ဖယောင်းတိုင်မီးထွန်းကာ တွန်းပြီးကစားရသည့် မီးအိမ်တွန်းလှည်းမှာ ကလေးများက နှစ်ခြိုက်စွာ ကစားလေ့ရှိသည်။

အဆိုပါ မီးအိမ်တွန်းလှည်းမှာ ဒေသတွင်း ကွယ်ပျောက်နေရာမှ ပြီးခဲ့သည့်နှစ် သီတင်းကျွတ်ရာသီက ပြန်လည်ပြုလုပ် ရောင်းချလာကြခြင်း ဖြစ်သည်။

ယမန်နှစ်သီတင်းကျွတ်ကာလက အလုံးရေ ၂၅၀ ခန့်ရောင်းချရပြီး ယခုနှစ်တွင်မူ အလုံးရေ ၁၀၀ ကျော်သာ ရောင်းချရသေးကြောင်း မီးအိမ်လှည်းပြုလုပ်ရောင်းချသူ ဦးစိုးမိုးက ဆိုသည်။

လိပ်ပြာပုံ၊ ယုန်ပုံ၊ ဆင်ပုံ အစရှိသည့် တိရစ္ဆာန်ပုံ အမျိုးမျိုးထုတ်လုပ်ရောင်းချနေပြီး ယုန်ပုံမီးအိမ်လှည်းကို အများဆုံးပြုလုပ်ရသည်ဟု ဆိုသည်။

“နည်းတယ်ဆိုတာက စီးပွားရေးကျပ်တည်းကြလို့ ဖြစ်မယ်။ အရင်နှစ်က အခုချိန်ဆို နားတောင် မနားရဘူး” ဟု ဦးစိုးမိုးက ပြောသည်။

လက်ရှိတွင် အထွေထွေကုန်ဈေးနှုန်းတက်နေသော်လည်း ယမန်နှစ်ဈေးအတိုင်းပင် ဆက်ရောင်းနေပြီး ဈေးနှုန်း ပြောင်းလဲခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

ဝါးခြမ်း၊ ဆီစိမ်စက္ကူ၊ ကော်စသည့်ပစ္စည်းများဖြင့် အခြေခံပြုလုပ်ထားသည့် မီးအိမ်တွန်းလှည်းတစ်ခုလျှင် ၃၀၀၀ ကျပ်၊ ဖောက်သည်ဈေးဆိုပါက ၂၈၀၀ ကျပ်ဖြင့် ရောင်းချနေသည်။

ထားဝယ်မြို့တွင် မီးအိမ်တွန်းလှည်း ပြုလုပ်ရောင်းချသူ နှစ်ဦး (နှစ်အိမ်) သာရှိသည်။

ပြီးခဲ့သည့်နှစ်ရောင်းအားနှင့် နှိုင်းယှဉ်ပါက ရောင်းအား ကျသွားကြောင်း မီးအိမ်လှည်းပြုလုပ်ရောင်းချသူ နောက်တစ်ဦး ဖြစ်သည့် ဒေါ်မို့မို့အောင်က ဆိုသည်။

“ရာသီဥတု အနေအထားနဲ့လည်း ဆိုင်မယ်ထင်တယ်။ အခုက မိုးရွာတဲ့ရက်များနေတာလေ” ဟု ဒေါ်မို့မို့အောင်က ပြောသည်။

ပြီးခဲ့သည့်နှစ် သီတင်းမကျွတ်မီကာလက မီးအိမ်တွန်းလှည်း အလုံးရေ သုံးရာကျော်ပြုလုပ်ရောင်းချရပြီး ယခုနှစ်တွင် အလုံးရေ တစ်ရာကျော်သာ ရောင်းချရသေးသည်ဟု ၎င်းက ဆိုသည်။

ယင်းမီးအိမ်တွန်းလှည်းအား မိသားစု ၄ ဦးဖြင့် ပြုလုပ်ပါက တစ်ရက်လျှင် အလုံး ၂၀ ခန့်ထုတ်လုပ်နိုင်ကြောင်း သိရသည်။

အွန်လိုင်းရှော့ပင်း ရောင်းချသူများက ၎င်းတို့ထံတွင် အော်ဒါမှာဝယ်ယူကြပြီး တစ်ဆင့် ပြန်လည်ရောင်းချကြသည်။