ပုလောတိုက်ပွဲအတွင်း ကားသမားနှစ်ဦးထက်မနည်း သေဆုံး

0
1618

ပုလောမြို့အနီး မနေ့ကဖြစ်ပွါးခဲ့သည့်တိုက်ပွဲအတွင်း ကားသမားနှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

သေဆုံးခဲ့သည့် ကားသမားမှာ ကြဲကျေးရွာနေ ကိုရန်ကျော်သူ အသက် ၂၈ နှစ်ဖြစ်ပြီး၊ နောက်တစ်ဦးမှာ ပလမြို့၊ရေခဲစက်ပိုင်ရှင် ဦးစိုးပိုင်၏ ယောက်ဖတော်စပ်သူဖြစ်ကြောင်း ဒေသခံများကပြောသည်။

“သူတို့ကားတွေကို စစ်တပ်က ချောဆွဲလာတယ်လို့သိရတယ်။ ဒီမနက်လင်းမှ သူတို့အိမ်ကလိုက်လာပြီး အလောင်းလာကောက်သွားတယ်”ဟု ကဒဲကျေးရွာဒေသခံ အမျိုးသားကပြောသည်။

ကားနှစ်စီးစလုံးမှာ အမိုးဖွင့်ကုန်တင်ကားများဖြစ်ကြပြီး တစ်စီးသည် ကဒဲတံတား ကွန်ကရစ်လက်ရန်းတိုင်ကိုတိုက်ပြီး တံတားအောက် ကုန်းမှော်တွင် ပက်လက်လန်သွားကြောင်း၊ နောက်တစ်စီးမှာ တံတားအလွန်တွင် ပစ်ခတ်ခံရပြီး ဒရိုင်ဘာနှစ်ဦးစလုံးမှာ ကားအတွင်း သေဆုံးနေကြောင်း ဒေသခံများ ကပြောသည်။

“ပလ ကနေ ပုလောကို ပစ္စည်းသွားပို့ပြီး အပြန်မှာချောဆွဲခံရတာလို့ကြားရတယ်။ ကျွန်တော်တို့သိတာ နှစ်ဦးသေတယ်”ဟု ဒေသခံအမျိုးသား နောက်တစ်ဦးကပြောသည်။

ကားနှစ်စီးစလုံးသည် စစ်ကောင်စီတပ်မှ ချောဆွဲလာသည့်ကား ဟုတ်မဟုတ်ကိုမူ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

အောက်တိုဘာ ၃ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်က ပုလောမြို့မှ မြိတ်မြို့သို့ဆင်းလာသည့် ကားနှစ်စီးပါ စစ်ယာဥ်တန်းကို ပုလောမဟာမိတ်တပ်ပေါင်းစုမှ ကဒဲကျေးရွာအနီးတွင် မိုင်းဆွဲခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ည ၆ နာရီတွင် တိုက်ပွဲရပ်နားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း ၁ က ယနေ့ သတင်ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲအတွင်း စက်တော်ရာမှ ခြေလျှင်စစ်ကူလာသည့် စစ်ကြောင်းကိုလည်း တပိုရွာအနီးတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ပွဲပြီးသဖြင့် နယ်မြေရှင်းလင်းရာ ချောဆွဲရာမှပါလာသည့် ပြည်သူ ၃ ဦးသေဆုံးနေသည်ကို တွေ့ရသဖြင့် မိသားစုနှင့်အတူ ထပ်တူဝမ်းနည်း ကြေကွဲရပါကြောင်း၊ နောက်နောင်ထိုကဲ့သို့ ဖြစ်ရပ်မျိုးမဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များနှင့် ကင်းကင်းရှင်းရှင်းနေရန်၊ တိုက်ပွဲဖြစ်လျှင်အမြန်ရှောင်ရှားရန်၊ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များ ထုတ်ပြန်ထားသည်များကို လိုက်နာရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင်ရေးသား ထားသည်။

တိုက်ပွဲဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်မှ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ပြီး မဟာမိတ်တပ်ဖက်မှ ၁ ဦးမစိုးရိမ်ရဒဏ်ရာရရှိသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

စက်တင်ဘာ ၂၀ ရက်နေ့ကလည်း ကဒဲကျေးရွာအနီး နှစ်ဖက်တိုက်ပွဲဖြစ်ပွါးရာ ခရီးသည်ယာဥ်မောင်းတစ်ဦး သေနတ်ထိမှန် ကာပုလောဆေးရုံသို့ ရောက်ရှိခဲ့သည်။