ထားဝယ်တွင် အသက် ၄နှစ်အရွယ် ကလေးငယ်တစ်ဦး ကိုဗစ်ဖြင့်သေဆုံး

0
4476

ထားဝယ်တွင် ကိုဗစ်ပိုး ကူးစက်ခံထားရသည့် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ယနေ့ (အောက်တိုဘာ ၄) နံနက်ပိုင်းက သေဆုံးသွားကြောင်း ထားဝယ်-နာရေးကူညီမှုအသင်းနှင့် ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

သေဆုံးသူ မိန်းကလေးငယ်မှာ လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာကဖြစ်ပြီး ဖျားနာနေသဖြင့် မယ်ဒီလန်းဆေးရုံသို့ တက်ရောက်ပြသခဲ့ရာ စစ်ဆေးချက်အရ ကိုဗစ်-၁၉ ပိုးပါတွေ့ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ကြောင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

“မနက်စောစော ဆုံးတယ်လို့ပြောတယ်ရှင့်။ ကလေးက မနေ့က လာကတည်းက ဦးနှောက်အမြှေးပါးရောင်တာတို့ ဘာတို့ ဖြစ်နေတယ်လို့ ပြောတယ်ရှင့်” ဟု အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။

ထားဝယ်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလယ်ဝန်းကျင်ကပင် ကိုဗစ်ရောဂါဖြင့် သေဆုံးသည့် လူနာမရှိတော့ဘဲ တစ်နှစ်နီးပါး ကြာချိန်တွင် ကိုဗစ်ဖြင့် သေဆုံးသူ ရှိလာခြင်းဖြစ်ကြောင်း ထားဝယ်- နာရေးကူညီမှုအသင်းမှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

“ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီ သင်္ဂြိုဟ်လိုက်တယ်” ဟု ၎င်းက ဆိုသည်။

ထားဝယ်တွင် ကိုဗစ် ကူးစက်ဖြစ်ပွားမှု တကျော့ပြန်ဖြစ်လာပြီး လက်ရှိတွင် အထက (၁) စာသင်ကျောင်းတွင် ပညာသင်ကြားနေသည့် မူလတန်းအရွယ် ကလေးငယ်များတွင်ပါ ကိုဗစ်ပိုး တွေ့ရှိလာသည်။

ယခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ တနင်္သာရီတိုင်းတွင် ကိုဗစ်ပိုးတွေ့သူ ၆၈ ဦးရှိကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။