ဆိုင်ကယ်မြင်တိုင်းဖမ်းနေတာ ဘာကြောင့်လဲ

0
4701

တနင်္သာရီတိုင်း ထားဝယ်မြို့တွင် စစ်ကောင်စီက အကြောင်းပြချက်အမျိုးမျိုးဖြင့် ဆိုင်ကယ်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာသည်။

မြိတ်မြို့၊ကော့သောင်းမြို့များတွင် ဆိုင်ကယ်ဖမ်းဆီးမှု နည်းပါးသော်လည်း ထားဝယ်မြို့တွင်မူ ပြည်သူများ ဆိုင်ကယ်စီးပြီး အပြင်မထွက်ရဲလောက်အောင်ပင် ဖမ်းဆီးမှုကြမ်းနေသည်။

ယင်းသို့ဖမ်းဆီးမှုများတွင် စကတ်ဝတ်ပြီးဆိုင်ကယ်စီး၍ ဖမ်းဆီးခြင်း၊ ဖိနပ်မပါဘဲ ဆိုင်ကယ်စီး၍ ဖမ်းဆီးခြင်းကဲ့သို့ ပုံမှန်မဟုတ်သော ဖမ်းဆီးမှုများလည်း ရှိခဲ့သည်။

ဖမ်းဆီးခံရသူများကို ဒဏ်ဆောင်စေရာတွင်လည်း လုပ်ငန်းစဉ်အတိုင်း တရားသူကြီးက အမိန့်ချကာ ဒဏ်ရိုက်သည်မျိုးရှိသလို ဖမ်းဆီးခံရသည့် နေရာတွင်ပင် ပိုက်ဆံတောင်း၍ ပြန်လွှတ်လိုက်သည်များလည်း ရှိကြောင်း ဒေသခံများကဆိုသည်။

ယင်းသို့ အဖမ်းအဆီးကြမ်းနေခြင်းကြောင့် ထားဝယ်မြို့ခံများမှာ သွားရေးလာရေး အခက်အခဲများဖြစ်လာပြီး အောက်ခြေလူတန်းစားများမှာ ပိုမိုကျပ်တည်းလာကြသည်။

ဒေသခံအချို့ကလည်း ထားဝယ်မြို့၏ အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှုများ အရှိန်လျော့သွားရန်နှင့် လူထုကို အကြောက်တရားကြီးစိုး လာစေရန် စစ်ကောင်စီက လုပ်ဆောင်နေခြင်းဟု ယူဆကြသည်။

မည်သို့ဆိုစေ ဆိုင်ကယ်ဖမ်းဆီးမှုများကြောင့် ပြည်သူလူထုအတွင်း အခက်အခဲ အကျပ်အတည်းများ ဖြစ်ပေါ်နေသည်ဖြစ်ရာ ယင်းအခြေအနေကို သိရှိနိုင်စေရန် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။

“စခန်းမလိုက်ရင် တစ်သောင်းခွဲပေးတဲ့”

စက်တင်ဘာလ ၂၈ ရက်နေ့က ဖိနပ်မစီးဟုဆိုကာ ဒဏ်ရိုက်ခံရသည့် ထားဝယ်မြို့နေ အမျိုးသားတစ်ဦး

DW ။ ဖိနပ်မပါလို့ ငွေတစ်သောင်းပေးခဲ့ရတယ်ဆိုတာက ဒီနေ့ဖြစ်ခဲ့တာလား ခင်ဗျား။

ဖြေ ။ ဟုတ်တယ်ခင်ဗျား။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း ဆိုင်ကယ်စီးရင်း လမ်းမှာဖိနပ်ပြတ်သွားလို့ ဆိုင်မှာဝယ်မယ်ဆိုပြီး ဆိုင်ကိုသွားတယ်ခင်ဗျား။ သူတို့(စစ်သား)တွေ ထလာပြီး ဆိုင်ကယ်ကိုအရင်စစ်ပါတယ်။ လိုင်စင်၊ ဦးထုပ်၊ ဒိတ်ဝိုင်း၊ မှန်ကိုင်း၊ နံပါတ်ပြား၊ ရောင်ပြန်ပြား အကုန်စုံတယ်ခင်ဗျား။ Mask မပါလို့တဲ့ဗျား။

ပြီးတာနဲ့ စစ်သားတစ်ယောက်က အဲကောင်ဖိနပ်မပါဘူးဆိုပြီး ထပြောပါတယ်။ အပြင်ထွက်ရင် ဖိနပ်မစီးတတ် ဘူးလားလို့ မေးပါတယ်။ကျွန်တော်က ပြန်ရှင်းပြပါတယ်။ လမ်းမှာပြတ်သွားလို့ အခုလာဝယ်တာပါဆိုပြီး။ မရဘူးတဲ့ စခန်းလိုက်ခဲ့တဲ့။

DW ။ ပိုက်ဆံတောင်းသေးတယ်လို့ သိရတယ်။ အဲလိုတောင်းတာက စစ်တပ်ကလား။ ရဲလားခင်ဗျား။

ဖြေ ။ စစ်သားနှစ်ယောက်ဗျ။ ညနေဘက် ကင်းချထားတာနေမယ်။ စခန်းမလိုက်ရင် တစ်သောင်းခွဲပေးတဲ့။ တစ်သောင်းပဲပါလို့ တစ်သောင်းပဲပေးလိုက်ရတယ်ဗျာ့။

DW ။ အခုလိုမျိုး ဖြစ်တဲ့အပေါ်မှာ ဘယ်လိုမှတ်ချက်ပေးချင်လဲခင်ဗျား။

ဖြေ ။ အဲလိုမျိုး မတရားလုပ်တာမျိုး နောက်လူတွေမကြုံစေချင်လို့အပြင်ထွက်ရင် သွားမယ့် ကား၊ ဆိုင်ကယ်မှာ အစုံအလင် ထည့်သွားစေချင်ပါတယ်။ ပြီးရင် သွားမယ့်လူ ခေါင်းကနေခြေအဆုံး သေချာစစ်ဆေးဝတ်ဆင်ပြီးမှ ထွက်စေချင်ပါတယ်ခင်ဗျား။ ပိုက်ဆံတောင်းတာလောက်က ကိစ္စမရှိဘူးခင်ဗျား။ ဖမ်းဆီး မတရားပုဒ်မတွေနဲ့တပ်ပြီး ထောင်ချမှာစိုးလို့ပါ။

“သူတို့လိုရာဆွဲ ဥပဒေသတ်မှတ်ပြီး ဖမ်းတဲ့ပုံစံဖြစ်နေတယ်”

ဆိုင်ကယ်ဖမ်းတာကို ကိုယ်တိုင်မြင်တွေ့ခဲရသူ ထားဝယ်မြို့ခံတစ်ဦး

DW ။ ထားဝယ်မှာ ဆိုင်ကယ်ဖမ်းတာကို ကိုယ်တိုင်ကြုံရတာ၊ မြင်ရတာရှိရင်ပြောပြပေးပါ။ ဘယ်လိုပုံစံမျိုးဖမ်း‌တာလဲ။

ဖြေ ။ ကျွန်တော် ဥဿရံဈေးမှာတစ်ခါကြုံရတယ်။ သူတို့က ဘယ်လိုပြောရမလဲ ဆိုင်ကယ်မှာပေါ့နော် ဘက်မှန်ပါရမယ်ပေါ့၊ ရောင်ပြန်ပါရမယ်ပေါ့။ ဦးထုပ်ပါရမယ်ပေါ့။ ဆိုင်ကယ်မှာအစုံပါလဲ ဝတ်စားဆင်ယင်မှုနဲ့ပတ်သတ်ပြီး ဖမ်းတာပဲ။ ဂါဝန်နဲ့ဆိုဖမ်းတယ်။

DW ။ ဂါဝန်ဝတ်ရင်ဖမ်းတယ်ဆိုတာ ဘာကြောင့်ပြောနိုင်တာလဲ။ သေသေချာချာလေးပြောပြပေးပါလား။

ဖြေ ။ ဂါဝန်ဝတ်ရင်ဖမ်းတယ်ဆိုတာ သေချာပါတယ်။ ‌မော်တော်ယာဉ်ဥပဒေထဲမှာ ပါတယ်ဆိုတာမျိုးပေါ့ဗျာ။ ဆိုင်ကယ်အန္တရာယ်ဖြစ်စေနိုင်သော ဝတ်စားဆင်ယင်မှုဆိုပြီးဖမ်းတာပါ။ ဖမ်းသွားတာကိုလည်း ကျွန်တော်မြင်ရလို့ပြောနိုင်တာပါ။

DW ။ လမ်းမှာရပ်ထားတဲ့ ဆိုင်ကယ်တွေလည်း ဖမ်းတယ်ဆိုတာက ဘယ်လိုမျိူးလဲ။

ဖြေ ။ လမ်းပြောင်းပြန်ရပ်ထားဆိုဖမ်းတယ်။ ပြီးတော့ ဥဿရံဈေးမှာ ကျွန်တော်မြင်ရတာဆိုရင် ဆိုက်ကယ်မှာက ဘက်မှန်မတပ်ထားဘူး။ အဲဒါနဲ့ ဘက်မှန်မပါဘဲ ရပ်ထားတဲ့ဆိုင်ကယ်က ဘယ်သူ့ဟာလဲလို့မေးတယ်။ တစ်ခါတလေဆို မေးတာမ‌သိရင် သူတို့ရအောင်စောင့်နေတယ်။ တစ်ခါတလေကျရင် (ပိုင်ရှင်ကို) မစောင့်တော့ဘူး။ တစ်ခါတည်း ကားပေါ်ဆွဲတင်သွားတယ်။

DW ။ ဒီလိုမျိုးဖမ်းနေတော့ မြို့ထဲမှာ ဘယ်လိုသွားလာနေကြတာလဲ။

ဖြေ ။ တော်ရုံတန်ရုံဆို မသွားရဲကြတော့ဘူး။ ကိုယ့်မှာအစုံပါနေရင်တောင် မသွားရဲကြတော့ဘူး။ တစ်မျိုးမဟုတ်တစ်မျိုး၊ တစ်ခုမဟုတ်ရင် တစ်ခုဖမ်းနေတာဆိုတော့ အားလုံးပြည့်စုံနေရင်တောင်မှ အချို့ဆို မသွားကြတော့ဘူး။

DW ။ ဒီလိုမျိုး ဆိုင်ကယ်တွေကို ဖမ်းဆီးစစ်ဆေးနေတာနဲ့ပတ်သက်ပြီး ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။ ဘာပြောချင်တာရှိလဲ။

ဖြေ ။ အခုဗျာ စီးပွားရေးကအဆင်မပြေ၊ နိုင်ငံရေးကမကောင်းဖြစ်နေတဲ့အချိန်မှာ အပြစ်မရှိ အပြစ်ရှာဖမ်းနေတဲ့ပုံစံမျိုးဖြစ်နေတယ်။ အရမ်းကိုကျပ်တည်းတယ်။ ပြီးလို့ရှိရင် ဖမ်းတာက တောက်လျှောက်ကိုဖမ်းနေတာ။ ညနေဆို လေးနာရီလောက်မှာ ဖမ်းလိုက်တယ်။  ည ၈ နာရီလောက်အထိကို ဖမ်းတဲ့နေ့ရှိတယ်။ ပုံမှန်ဆို ည ၆ နာရီဆို လမ်းမီးလာပြီ။ အဲဒါကို သူတို့ဖမ်းတဲ့နေရာဆိုရင် လမ်းမီးပိတ်ပြီးဖမ်းတာ။ သူတို့ဖမ်းနေတာ မမြင်အောင်လုပ်ပြီးဖမ်းတာ။ ဖမ်းပြီးလို့ ပြန်ပြီဆိုမှ လမ်းမီးဖွင့်ပေးတယ်။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ

ဖြေ ။ ဆိုင်ကယ်ဦးထုပ်မဆောင်းတာ၊ ဘက်မှန်မတပ်တာတွေက၊ လိုင်စင်မရှိတာတွေ အဲတာတွေကတော့ ဖမ်းပေါ့။ ဒါကနိုင်ငံသားတိုင်းလုပ်ရမယ့် တာဝန်ရှိတယ်။ အခုကဗျာ သူတို့လိုရာဆွဲ ဥပဒေသတ်မှတ်ပြီး ဖမ်းတဲ့ပုံစံဖြစ်နေတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ပိုက်ဆံရဖို့ကိုပဲ အဓိကကြည့်ပြီး စစ်တာမျိုးဖြစ်နေတာပေါ့နော်”

ထားဝယ်မြို့သစ်ရပ်ကွက်မှ အသက် ၃၀ ဝန်းကျင်ခန့်ရှိ Delivery ပို့နေသည့်လူငယ်အမျိုးသား

DW ။ ထားဝယ်မှာ ဆိုင်ကယ်တွေ အဖမ်းအဆီးများနေတယ်လို့ဆိုတယ်၊ ဘာတွေကြုံရတာရှိလဲ။

ဖြေ ။ ဆိုင်ကယ်ဖမ်းနေတာနဲ့ ပတ်သက်ပြီး ရှောင်ပြီးပြေးရတာပေါ့နော်၊ ရှောင်ပြီးပြေးရတယ်၊ လမ်းမှာ သတိထားနေရတယ်၊ လမ်းကတော့ ဖြောင့်ဖြောင့်တန်းတန်းတော့ သွားမရဘူးပေါ့၊ ဘယ်ပဲသွားသွား ရှိရှိ မရှိရှိ လမ်းမှာဖမ်းနေတယ်ဆိုတာနဲ့ကို သတိထားပြီးသွားနေရတယ်။ သူတို့တွေကိုတော့ ပုံသေပြောမရဘူးပေါ့နော်၊ သူတို့ဖမ်းချင်တဲ့နား ဝင်ပြီးဖမ်းတယ်ဆိုတော့ ကိုယ့်အနေနဲ့ ရှေ့မှာရှိတယ်ဆို နောက်ပြန်ဆုတ်၊ လမ်းကြားထဲမှာ ဖမ်းနေတယ်ဆိုတခါ တခြားလမ်းက ပတ်ပြီးသွားနေရတာရှိတယ်ပေါ့။ ကိုယ့်အနေနဲ့တော့ မျက်စိရှင်ရှင် နားရှင်ရှင်နဲ့ သတိထားပြီး သွားနေရတာပေါ့၊ ဆိုင်ကယ်လည်း ပေါ့ပေါ့တန်တန် မောင်းပြီးသွားမရဘူးပေါ့။

DW ။ ဆိုင်ကယ်မှာရော အားလုံးစုံရဲ့လား၊

ဖြေ ။ အကုန်လုံးစုံအောင်တော့ လုပ်ထားတာပဲ၊ ဒါပေမဲ့ သူတို့စစ်ဆေးလိုက်ချိန် မဟုတ်တာတွေ လိုက်ပြောပြီးဖမ်းတယ်ဆိုတော့ တတ်နိုင်သမျှတော့ ရှောင်ပြီးသွားနေရတာပေါ့နော်၊ ပြည့်စုံနေလည်း ဝင်တိုးမရဲဘူးပေါ့၊

DW ။ ဒီလိုဖြစ်တာကရော ဘယ်လောက်ကြာပြီလဲ။

ဖြေ ။ အခုလိုဖြစ်လာတာ တစ်လလောက်တော့ ကြာပြီ၊ ဒီလထဲမှာ ပိုပြီးဆိုးလာတယ်၊ ရှေ့လတွေတုန်းက ဒီလောက်မဟုတ်ဘူး၊ ဒီ ၉ လပိုင်းထဲပိုဆိုးလာတယ်။

DW ။ Delivery ကရော နေ့တိုင်းလိုက်ပို့နေရတာလား။

ဖြေ ။ ခံ၊ နေ့တိုင်းပဲ လိုက်ပို့နေရတာပါ၊ နေ့တိုင်း ပိုသတိထားပြီးသွားလာနေရတယ်၊

DW ။  စစ်ဆေးခံရတာ အဖမ်းခံရတာမျိုးရောရှိဖူးလား။

ဖြေ ။ စစ်ဆေးခံရတာတော့ မဖြစ်ဖူးဘူး၊ ဖမ်းနေတယ်ဆိုတာနဲ့ ကျွန်တော်တို့က ဘေးပတ်လမ်းကနေ ရှောင်ပြီးသွားလိုက်ရတာက များတယ်၊ လုံးဝ သတိမထားမိဘဲ သွားနေတဲ့သူတွေကတော့ ဖမ်းမိပါတယ်၊ တော်တော်များများက လမ်းမှာ သတိပေးနေသူတွေရှိပါတယ်၊ သူအာရုံလွတ်ပြီးသွားနေတာတွေမျိုးဆို မိတာပေါ့။ တော်တော်များများ သူတို့ လမ်းကြားတွေမှာပါ စစ်ဆေးနေတာမျိုးရှိတယ်၊ ပြီးတော့ ကျွန်တော်အသံကြားတာက လမ်းမှာတောင် ဆီးပြီးဖမ်းတယ်၊ သူတို့ သွားရင်းလာရင်းနဲ့တွေ့တာတောင် ကားချက်ချင်းနားပြီး ဆင်းဖမ်းတာတွေမျိုးရှိတယ်ဆိုပြောတော့ လမ်းသွယ်တွေ သွားတာကအစ သူတို့ကားနဲ့မဆုံအောင် ပိုပြီးသတိထားနေရတယ်။

DW ။ သူငယ်ချင်းတွေထဲမှာရော အဖမ်းခံရတာတွေရှိလား။

ဖြေ ။ ရှိတော့ ရှိတယ်၊ ရှိတယ်ဆိုတာက ခုဏကပြောသလိုပဲ လျောက်လိုက်မေးတယ်ဆိုတော့ ဟိုဟာကျန်ရစ် ဒီဟာကျန်ရစ် အကုန်လုံးလိုက်ညစ်နေတယ်ဆိုတော့ ဖမ်းခံရတာတော့ရှိတာပေါ့၊

DW ။ သူတို့ စစ်ဆေးတာ ဘယ်လိုအချက်တွေ အဓိကမေးလဲ။

ဖြေ ။ သူတို့စစ်ဆေးတာ အကုန်လုံးပဲဆိုပြောတယ်၊ ဟိုဟာရှိလား၊ ဒီဟာရှိလား၊ အားလုံးစုံနေလည်း ထိုင်ခုံလှန်ကြည့်တာတွေ စစ်ဆေးတာတွေလုပ်တယ်၊ ဘာပြစ်ချက်မှ မရှိရင် ဖိနပ်စီးတာကအစ ပြောလာတာတွေမျိုး၊ စကတ်နဲ့ စီးတာတွေရော ပါလာတယ်။ အဓိကတော့ ဦးထုပ်မပါတာတွေ၊ မှန်ကိုင်းမပါတာမျိုးတွေ တားပြီးစစ်တယ်၊ မြို့သစ်ဘက်မှာစစ်နေတာမြင်ရတာတော့ စုံနေတဲ့လူတွေအားလုံးကို တားတာမျိုးတော့ မရှိဘူး၊ ရှိသမျှလူတွေအကုန်လုံးကို တားစစ်တာမျိုးတော့ မရှိဘူး၊ ဦးထုပ်မပါသူတွေ မှန်ကိုင်းမတပ်သူတွေကို အဓိက တားစစ်တယ်ပေါ့၊ အဲတော့ သူတို့ ပိုက်ဆံရဖို့ကိုပဲ အဓိကကြည့်ပြီး စစ်တာမျိုးဖြစ်နေတာပေါ့နော်။

DW ။ ဖမ်းခံရသူတွေကရော ဒဏ်ကြေးကို ဖမ်းတဲ့နေရာမှာပဲဆောင်ရလား၊ တရားရုံးမှာ သွားဆောင်ရတယ်ဆိုပြောလား။

ဖြေ ။ အဲဒါတော့ မသိဘူး၊ တချို့တွေ ပြောနေတာတော့ ရုံးမှာပဲ သွားဆောင်ရတယ်ဆိုပြောတယ်၊ အားလုံးစုံနေတဲ့လူတွေကတော့ လမ်းမှာညှိလို့ အဆင်ပြေမယ်ထင်တယ်၊ မစုံတဲ့လူတွေကတော့ ဆိုင်ကယ်ရောပါသွားပြီး ရုံးမှာသွားရှင်းရတယ်ဆိုကြားတယ်။

DW ။ ဂါဝန်ဝတ်လို့ဆိုပြီး ဖမ်းတယ်ဆိုတာမျိုးတွေလည်း ကြားရတယ်၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော ဘာပြောနိုင်မလဲ။

ဖြေ ။ ဒါကတော့ မဖြစ်သင့်တဲ့ဟာလို့ပြောချင်တယ်၊ ဘာလို့လဲဆို သူတို့ယာဉ်စည်းကမ်းထဲမှာ အဲဒါတွေမပါဘူးဆို ထင်တာပဲ၊ ကျွန်တော်တို့ ယာဉ်မောင်းလိုင်စင်လုပ်ချိန် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေဖြေရတာတွေရှိတာကိုး၊ အဲဒါတွေ မပါဘူး၊

DW ။ စစ်ဆေးတာကရော အဖွဲ့စုံနဲ့ စစ်ဆေးတာမျိုးလား

ဖြေ ။ ကျွန်တော်တို့ မြင်တာတော့ မော်တော်ပီကယ်နဲ့စစ်သားတွေပဲ မြင်တယ်၊ အဖွဲ့စုံဆိုလည်း ပြောမရဘူး၊ သူတို့နှစ်မျိုးတည်းပဲ ဖမ်းနေတယ်။

DW ။  ဒီလိုဖမ်းဆီးနေတာနဲ့ ပတ်သက်ပြီး ကိုယ်လုပ်ကိုင်စားသောက်ရတဲ့ အပေါ်မှာ ဘယ်လို သက်ရောက်မှုတွေရှိလဲ၊ ဘယ်လို အခက်အခဲတွေရှိလာလဲ။

ဖြေ ။ မရှိတဲ့လူအတွက် တော်တော်လေး ပင်ပန်းတယ်၊ ခုတလောကလည်း အလုပ်အကိုင်ကလည်း ရှားပါးလာချိန်မှာ ပိုက်ဆံ ၄၀၀၀-၅၀၀၀ ကိုပဲ အရမ်းကိုရှာနေရတဲ့လူတွေက တပုံကြီးပဲ၊ အလုပ်သွားတဲ့ လူတွေအတွက်က ဆိုင်ကယ်မပါဘဲနဲ့ အဆင်မပြေဘူး၊ ဆိုင်ကယ်နဲ့သွားရမယ်ဆို ဘာမှ မစုံတာက တစ်ပိုင်း၊ လိုင်စင်သက်တမ်းတိုးတာတောင် ပိုက်ဆံမရှိရင် အဆင်မပြေဘူးမဟုတ်လား၊ မရှိတဲ့လူတွေအတွက် ပိုပြီးပင်ပန်းတယ်၊ လိုင်စင်တစ်ခု သက်တမ်းတိုးဖို့တောင် သူတို့အနေနဲ့ တစ်လလောက်အထိကို ကြိုးစားရတာတွေရှိတယ် တချို့တွေမှာ၊ အဲချိန်မှာ အကုန်လုံး အသေးအမွှားကလိုက်ပြီး ဖမ်းနေတယ်ဆိုတော့ ခြေကျင်သွားရမလိုကိုဖြစ်နေတယ်၊ အလုပ်ပင်ပန်းရင် ပင်ပန်းပါစေ ခြေကျင်သွားရမယ် ဆိုသလိုမျိုးဖြစ်နေတယ်၊ အခက်အခဲကတော့ တပုံကြီးပဲ၊ ဖမ်းမိပြီဆိုရင်လည်း သုံးလေးသောင်းဆိုတာကလည်း မနည်းဘူး၊ တော်ရုံတန်ရုံလူမှာ အဆင်မပြေဘူး။

DW ။ ဒီလို ဖမ်းဆီးနေတဲ့ အပေါ်မှာ ဘယ်လိုမြင်လဲ၊ ဘယ်လို မှတ်ချက်ပေးချင်လဲ။

ဖြေ ။ တာဝန်အရဆိုတာထက် လုပ်ချင်လို့လုပ်နေတာလို့ ပိုပြီးပြောချင်တယ်၊ တာဝန်အရဆိုတာက အချက်အလက် စုံနေပြီဆိုရင် တချို့ဟာတွေက ငြိစရာလည်းမလိုပါဘူး၊ ဒါပေမဲ့ တချို့ဟာတွေက သူတို့ဖမ်းနေတာတွေက တာဝန်အရဆိုတာထက် ဖမ်းချင်လို့ ဖမ်းနေတာလို့မြင်တယ်။

DW ။ လမ်းမှာရော အရင်ကနဲ့စာရင် လူတွေ အသွားအလာနည်းသွားတာမျိုးရှိလား။

ဖြေ ။ ထားဝယ်မြို့ထဲမှာတော့ အဲလောက်လို ကျဲသွားတာမျိုးတော့မရှိဘူး၊ နယ်ကလူတွေတော့ သွားလာ ရောင်းဝယ်နေကြတာပဲဆိုတော့ နယ်ကလာသူတွေ လာနေကြတာပဲ၊ မြို့ပေါ်ကတော့ တော်တော်လေးတော့ ဆင်ခြင်သွားတာတွေတော့ရှိတယ်။ နယ်ကလူတွေက မနက်ပိုင်းလာကြတာဆိုတော့၊ ညနေပိုင်းတော့ မြို့ထဲမှာ အသွားအလာနည်းသွားလိမ့်မယ်၊ အခုက မှောင်တဲ့ အထိလည်း လိုက်ဖမ်းနေတာဆိုတော့။

“အနိုင်ကျင့်တယ်လို့ပဲထင်တယ်”

 ထားဝယ်မြို့နယ်နေ အမျိုးသမီးတစ်ဦး

DW ။ ထားဝယ်မြို့ပေါ်မှာ အခုဆိုရင် ဆိုင်ကယ်ဖမ်းတာတွေတော်တော်လုပ်လာတယ်။ အဲဒီအတွက် ဘာတွေအခက်အခဲရှိလဲ။

ဖြေ ။ သွားရေးလာရေး ခက်ခဲသွားတာပေါ့။ ကျွန်မတို့ဆို ဆိုင်ကယ်နဲ့ ထားဝယ်မသွားရဲတော့ဘူး။

DW ။ ဘာဖြစ်လို့မသွားရဲတာလဲ။ လိုင်စင်ပစ္စည်းတွေမစုံလို့လား။

ဖြေ ။ လိုင်စင်ကတော့ အကုန်လုံးလုပ်ထားပြီးသားရှိတယ်။ အားလုံးပြည့်စုံတယ်။ အခုသတင်းကြားနေရတာက အပြည့်အစုံပါလည်း ဖမ်းခံနေရတယ်လို့ ကြားနေရတယ်လေ။ ဖမ်းခံထိရင်မလွယ်ဘူး။

DW ။ မဖြစ်မနေ ထားဝယ်သွားရမယ့်အခြေအနေဆိုရင် ဘယ်လိုလုပ်မှာလဲ။

ဖြေ ။ ဆိုင်ကယ်နဲ့တော့မသွားဘူး အခုလောလောဆယ်တော့။ မဖြစ်မနေသွားရမယ်ဆိုရင် ကားနဲ့သွားလည်း ရတယ်။ သုံးဘီးငှားပြီးသွားလည်းရတယ်လေ။ ပိုက်ဆံတော့ ပိုကုန်မယ်။ ကားခတွေကလည်းဈေးကြီးသွားပြီ။ အရင်ကဆို သုံးဘီးငှားခက နှစ်သောင်း၊ သုံးသောင်း(ကျပ်) လောက်ပဲပေးရတာ။ အခုက သုံးသောင်းခွဲ၊ လေးသောင်းတွေဖြစ်ကုန်ပြီ။ အဲဒါကြောင့် ထားဝယ်သွားရင် ကိုယ့်ဆိုင်ကယ်နဲ့ကိုယ်ပဲသွားတာများတယ်။

DW ။ ထားဝယ်ကို ခဏခဏသွားရတာပဲလား။

ဖြေ ။ ဟုတ်တယ်။ ထားဝယ်မှာ ကျွန်မအဒေါ်အပျိုကြီးတစ်ယောက်ရှိတယ်လေ။ သူကတစ်ယောက်တည်း သမားဆိုတော့ နေမကောင်းစားမကောင်းဖြစ်ရင် ခဏခဏသွားသွားကြည့်ပေးနေရတယ်။ အခုက ဖုန်းဆက်ပြီးပဲ လှမ်းလှမ်းမေးနေရတယ်။ သူကလဲမလာနဲ့လို့ပဲပြောတယ်။ သူတို့(ထားဝယ်) မှာတောင် အပြင်သိပ်မထွက်ရဲကြတော့ဘူး။ ကိစ္စအရေးကြီးမှပဲထွက်ကြတယ် အဲလိုပြောတယ်။ ကျွန်မတို့ဆို ပိုဆိုးတာပေါ့နော်။ မြို့ကလမ်းတွေ မကျွမ်းကျင်ဘူးလေ။ အခုက သွားတစ်လမ်း၊ အပြန်တစ်လမ်းဆိုတာတွေကအစ အဲတာတွေလည်းဖမ်းတာဆိုတော့။ ကျွန်မဆိုအမှန်တိုင်းပြောမယ်ဆို အဲဒီမှာသတ်မှတ်ထားတဲ့ တစ်လမ်းမောင်းက ဘယ်လမ်းတွေဆိုတာ မသိဘူး။ သွားတော့သွားနေတာပဲ။ အခုလည်း (အွန်းလိုင်း) ဟိုလူကရေးတင် ဒီလူကရေးတင် ဘယ်လမ်းကတော့ သွားလို့မရဘူး။ အတက်မရဘူး။ အဆင်းပဲရမယ်ဆိုပြီးတော့။ ကျွန်မတို့က လမ်းနာမည်တွေမသိတော့ တော်တော်ခက်တယ်။

DW ။ အခုလို ဆိုင်ကယ် တင်းတင်းကျပ်ကျပ်ဖမ်းဆီးလာတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။ ဆိုင်ကယ်ဖမ်းတယ်ဆိုတာက အရင်ကလည်း ဖမ်းတာပဲလေ။ ကျွန်မဆိုလည်း အရင်ကအဖမ်းခံရဖူးတာပဲ။ ဒါပေမဲ့ အခုကတော်တော်ကြောက်ဖို့ကောင်းတယ်။ တစ်ချို့သူတို့( စကစ) ကိုထောက်ခံတဲ့သူတွေကတော့ ပြောကြတယ်။ ဥပဒေအတိုင်းလုပ်တာပဲ ဆိုပြီးတော့ပြောတာ ကျွန်မနားနဲ့ဆတ်ဆတ်ကြားရတယ်။ ကျွန်မတော့ လက်မခံနိုင်ဘူး။ အဲဒါကြီးကို။အနိုင်ကျင့်တယ်လို့ပဲထင်တယ်။

DW ။ ဘာကြောင့် အနိုင်ကျင့်တယ်လို့ ထင်ရတာလဲ။

ဖြေ ။ အခုကြားနေရတဲ့အတိုင်းဆိုရင် စစ်သားတွေက သေနတ်တွေနဲ့ လိုက်လိုက်ပြီးဖမ်းတာတဲ့။ ကိုယ်တိုင်ဖမ်းခံရတဲ့သူတွေပြောတာနော်။ သူတို့ပြောပြတာ။ လူဆိုး ဓားမြတွေကို ဖမ်းတဲ့ပုံစံမျိုး ဖြစ်နေတယ်မဟုတ်ဘူးလား။ အဲဒါကိုပြောတာ။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ သွားလာဆင်ခြင်ကြစေချင်တယ်။ အခုချိန်မှာလေ။ အဖမ်းခံရရင် ပိုက်ဆံသုံးလေးသောင်း အလကားကုန်မှာ။ ပိုက်ဆံသုံးလေးသောင်းဆိုတာ အခုခေတ်မှာ ရှာရတာမလွယ်ဘူး။ ကိုယ်ရှာထားတာ ကိုယ်မစားရဘဲဖြစ်သွားမယ်။ ပိုက်ဆံကုန်တာထားလိုက်အုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲလည်ဖြစ်အုံးမယ်။ အဲဒါကြောင့် သွားလာဆင်ခြင်ကြဖို့ ပြောချင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။