ရွှေဈေးထိုးကျ၊ မြိတ်တွင် ဝယ်သူများသဖြင့် နေ့ချင်းဈေးပြန်တက်

0
4299

မြိတ်မြို့တွင် အောက်တိုဘာလ ၁ ရက်နေ့က အခေါက်ရွှေဈေးနှုန်း ဈေးထိုးကျခဲ့ရာ ဝယ်ယူသူများသဖြင့် နေ့ချင်း ဈေးပြန်တက်သွားကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

အခေါက်ရွှေ တစ်ကျပ်သားလျှင် အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းအချိန်က ၂၂ သိန်းကျော်အထိ ကျဆင်းခဲ့ရာ ရွှေဝယ်ယူသူများလာသဖြင့် မွန်းလွဲပိုင်းတွင် ၂၅ သိန်းအထိ ဈေးပြန်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း လက်ဝတ်ရတနာ အရောင်းဆိုင်အချို့ထံ မေးမြန်းချက်အရ သိရသည်။  

ယင်းမတိုင်မီ စက်တင်ဘာလ ၃၀ ရက်နေ့က အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၅ သိန်းအထိ ရှိခဲ့သည်။

“ဈေးကျသံကြားလို့ တအားလာပြေးဝယ်ကြတာ။ ဝယ်တဲ့သူတွေများလာလို့ ဈေးပြန်တက်သွားတာပါ။ ဆိုင်မှာတောင် ရောင်းဖို့ မကျန်တော့ဘူး” ဟု လက်ဝတ်ရတနာအရောင်းဆိုင်တစ်ဆိုင် ပိုင်ရှင်က ပြောသည်။

မြိတ်ရွှေဈေးကွက်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့က အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၈ သိန်းအထိ မြင့်တက်ခဲ့ရာမှ စက်တင်ဘာလလတွင်း ဈေးတဖြေးဖြေးကျဆင်းလာကာ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ၂၅သိန်းအထိ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

“ဒီနေ့မနက် (အောက်တိုဘာ ၁) ပေါက်ဈေးနဲ့ဆိုရင် တစ်လအတွင်းမှာ ၁၆ သိန်းအထိ ကွာထွက်သွားတာ” ဟု ဆိပ်ငယ်ဈေးကြီးရှိ လက်ဝတ်ရတနာအရောင်းဆိုင်ရှင်တစ်ဦးက ပြောဆိုသည်။

ငွေကြေးဈေးကွက်တွင် ထိုင်းဘတ်လဲလှယ်နှုန်းလည်း ကျဆင်းလာ‌နေပြီး အောက်တိုဘာလ ၁ ရက်နေ့က ထိုင်းတစ်ဘတ်လျှင် မြန်မာငွေကျပ် ၆၀ ဝန်းကျင်နှင့် တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၂၅၀၀ ကျော်အထိ ကျဆင်းလာခဲ့သည်။

“ရွှေဈေး သိန်း ၃၀ကျော်ကတည်းက ဝယ်စုထားတာ။ အခုဈေးကျတော့ ဆုံးတာပေါ့” ဟု အခေါက်ရွှေ သုံးကျပ်သားခန့် ဝယ်ယူစုဆောင်းထားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

မြန်မာ့ရွှေဈေးသည် အမေရိကန်ဒေါ်လာလဲနှုန်းနှင့် ကမ္ဘာ့ရွှေဈေးနှုန်းအပေါ်မူတည်ပြီး အရောင်းအဝယ် ပြုလုပ်လေ့ရှိကြသည်။