ခေါဇာမြို့ စခန်းမှူးနှင့် တပ်သားနှစ်ဦး ပစ်သတ်ခံရ

0
4146

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့မရဲစခန်းက စခန်းမှူးနှင့် ရဲတပ်သားနှစ်ဦး ယနေ့ ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ခေါဇာမြို့မရဲစခန်း စခန်းမှူးနှင့် တပ်သားနှစ်ဦးတို့သည် ခေါဇာမြို့မှ ရေးမြို့သို့ သွားစဉ် ယနေ့ (စက်တင်ဘာ ၃၀) နံနက် ၁၀ နာရီဝန်းကျင်က ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

“လစာထုတ်ဖို့ အသွားမှာ အသတ်ခံရတယ်လို့ သိရတယ်။ စခန်းမှူးက ပြောင်းလာတာ မကြာသေးဘူး” ဟု ခေါဇာမြို့ခံတစ်ဦး ပြောသည်။

ခေါဇာစခန်းမှူးနှင့်အဖွဲ့ကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

အိမ်စီးကားဖြင့်လာစဉ် စောင့်ဆိုင်းကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး G3 နှစ်လက်၊ ပစ္စတိုတစ်လက်၊ ကျည်ဆံအချို့တို့ကို သိမ်းဆည်းရမိကြောင်းလည်း ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း လမိုင်းမြို့ နယ်ထိန်းရဲကို ရေးဘီလူးအဖွဲ့က ပစ်သတ်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မကြခဏ ပစ်ခတ်လေ့ရှိပြီး ဌာနဆိုင်ရာရုံးများ၊ ရဲစခန်းများနှင့် စစ်ဆေးရေးဂိတ်များကိုလည်း မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။

ယင်းပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အရပ်သားဝန်ထမ်းတွေနှင့် ဒလန်ဆိုသူများကိုလည်း ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။  

စစ်ကောင်စီကမူ ရေးဘီလူးအဖွဲ့ကို ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးငွေပေးမည်ဟုလည်း ကြေညာထားသည်။