မြိတ်အကျဥ်းထောင်မှ လွတ်ရက်စေ့ နိုင်ငံရေးအကျဥ်းသား ၆၀ နီးပါးလွတ်လာ

0
3883

မြိတ်အကျဥ်းထောင်မှ လွတ်ရက်စေ့သည့် နိုင်ငံရေးအကျဥ်းသား ခြောက်ဆယ်နီးပါး ပြန်လွတ်လာကြောင်း လွတ်မြောက်လာသူများ၏ မိသားစုဝင်များ ထံမှသိရသည်။

ယနေ့(စက်တင်ဘာ ၃၀)နံနက် ၈ နာရီတွင် လွတ်မြောက်လာခြင်းဖြစ်ပြီး အမျိုးသား ၅၃ ဦးနှင့် အမျိုးသမီး ၄ ဦးပါဝင်သည်ဟု လွတ်မြောက်လာသည့် မိသားစုဝင်များက ပြောသည်။

“အိမ်ပြန်ရောက်လာပါပြီ။ လွတ်တဲ့သူအားလုံးက ၅၈ ဦးပေါ့ အရင်ကတည်းက လက်နက်မှုနဲ့ ထောင်ကျနေသူ တစ်ဦးလည်းပါတယ်”ဟု လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသား၏ မိခင်ကပြောသည်။

လွတ်မြောက်လာသူများသည် ၂၀၂၁ မတ်လ ၂၆ ရက်နေ့က ရွေပြည်တန်လမ်းဆုံ ဆန္ဒပြပွဲအား ပစ်ခတ်ဖြိုခွင်းပြီးနောက် ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်။

၎င်းတို့အား စစ်ကောင်စီမှ ပုဒ်မ ၅၀၅-က၊ ပုဒ်မ ၁၄၅ တို့ဖြင့် တရားစွဲကာ ထောင်ဒဏ် ၂ နှစ် ချခဲ့ခြင်းဖြစ်သည်။

ယင်းနေ့က ဖြိုခွင်းမှုအတွင်း စစ်ကောင်စီဖက်မှ ပစ်ခတ်သည့်ကျည်ထိမှန်၍ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူများမှာ မောင်မင်းမြတ်ပိုင် ၁၉ နှစ်၊မောင်အာကာဦး ၁၉ နှစ်၊ဦးမျိုးအောင် ၄၄ နှစ်နှင့် ဒေါ်ခင်ခင်စိုး ၃၂ နှစ်တို့ဖြစ်ကြသည်။

လွတ်ရက်စေ့ပြီး လွတ်လာသည့် နိုင်ငံရေးအကျဥ်းသား/အကျဥ်းသူများမှာ စက်တင်ဘာလ ၁ ရက်နေ့က ၁၉ ဦး၊စက်တင်ဘာလ ၉ ရက်တွင် ၃၀ ဦး၊စက်တင်ဘာ ၃၀ (ယနေ့)တွင် ၅၇ ဦး အသီးသီးပြန်လည် လွတ်မြောက်လာပြီဖြစ်သည်။

မြိတ်ခရိုင်အကျဥ်းထောင်တွင် နိုင်ငံရေးအမှုဖြင့် အကျဥ်းကျခံနေရသည့် အကျဥ်းသား၊အကျဥ်းသူ ၅၀၀ နီးပါရှိနေပြီး လက်ရှိတွင် ၁၀၀ ကျော် ပြန်လည်လွတ်မြောက် လာပြီဖြစ်သည်ဟု အကျဥ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။