ဘုတ်ပြင်းပြည်ထောင်စုလမ်းတွင် တစ်ပတ်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်

0
3717

မြိတ်-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းပေါ်တွင် တစ်ပတ်အတွင်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွါးခဲ့ကြောင်း ခရီးသွားများနှင့် ဘုတ်ပြင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ကော့သောင်းခရိုင်၊ ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းပေါ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့ကတစ်ကြိမ် စက်တင်ဘာ ၂၅ ရက်နေ့တွင် တစ်ကြိမ် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်များ ထံမှသိရသည်။

စက်တင်ဘာ ၁၉ ရက်နေ့က ဘုတ်ပြင်းမြို့နယ်၊ ဝါးဒင်းရွာနှင့် ဝါးချောင်းရွာကြား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် စစ်ယာဥ်တန်း လေးစီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ စက်တင်ဘာလ ၂၅ ရက်နေ့တွင်လည်း ဘုတ်ပြင်းမြို့နယ်၊ ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ချောင်းကဖက်ကျေးရွာသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်မှ မွန်းလွဲ ၃ နာရီခွဲဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်ကဆိုသည်။

ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုကို “နန်းထိုက်အောင်စစ်ဆင်ရေး” အဖြစ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဘုတ်ပြင်း-ကော့သောင်းပြည်ထောင်စုလမ်းတစ်လျှာက်တွင် ယခုလအတွင်းတိုက်ပွဲများ မကြာခဏဖြစ်လာနေသဖြင့် ဂရုစိုက်သွားလာနေကြရကြောင်း ခရီးသည်နှင့် ကားသမားများကပြောသည်။

“လမ်းကလည်း ဒီတစ်လမ်းပဲရှိတယ်။ မသွားမဖြစ်သွားနေရတာ အရင်ကထက်တော့ ပိုပြီးဂရုစိုက်မောင်းနေရတာပေါ့”ဟု ယာဥ်မောင်း တစ်ဦးကပြောသည်။

ဘုတ်ပြင်း-ကော့သောင်းလမ်းအသုံးပြုသူများအား စစ်ယာဥ်တန်းနှင့် ကပ်မလိုက်ရန်၊ မှန်ချမောင်းနှင်ရန် ဒေသပြည်သူ့ကာကွယ်ရေးတပ်များမှ မေတ္တာရပ်ခံထားပြီး ၎င်းတို့လည်း လိုက်နာလျက်ရှိကြောင်း ယာဥ်မောင်းများကပြောသည်။

စက်တင်ဘာ ၂၀ ရက်နေ့ကလည်း ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဥ်မောင်းတစ်ဦး ပုလောမြို့နယ်၊ ကဒဲရွာအနီး သေနတ်ကျည်ထိမှန်ပြီး ပုလောဆေးရုံသို့ ရောက်ရှိခဲ့သည်။

ကဒဲရွာအနီးတွင် ယင်းနေ့က စစ်ယာဥ်တန်း မိုင်းနှစ်ကြိမ်ဆွဲခံရပြီး ပစ်ခတ်မှုများလည်း ရှိခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။