ရွှေဈေးထပ်ကျ ထားဝယ်လက်ကြီးသမားများ အမြင့်စျေးဖြင့်ပိုက်မိနေ၍ အရောင်းအဝယ်အေး

0
4455

အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်တစ်သိန်းဈေးထပ်ကျသွားပြီး ထားဝယ်မြို့ရှိ ရွှေအပိုင်းလိုက်ဝယ်ထားသည့် လက်ကြီးသမားများ ပိုက်ဘောမိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ထားဝယ်ဈေးကွက်အတွင်း စက်တင်ဘာလ ၂၇ ရက်နေ့က ‌အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၇ သိန်းဝန်းကျင်ရှိရာမှ စက်တင်ဘာလ၂၈ ရက်နေ့တွင် ၂၆ သိန်းဝန်းကျင်သာ ဈေးပေါက်တော့သည်။

ပြီးခဲ့သည့်လက တစ်ကျပ်သားလျှင်ကျပ် ၃၇ သိန်းဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့သည့် ရွှေဈေးသည် စက်တင်ဘာလ နှောင်းပိုင်းတွင် တစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်းသာရှိတော့ရာ ကျပ် ၁၁ သိန်းခန့် စျေးပြုတ်ကျသွားသည်။

ရွှေဈေးတက်ချိန်က ထားဝယ်ရွှေကုန်သည်များအပြင် ပွဲရုံပိုင်ရှင်များကပါ ရွှေအပိုင်းလိုက် ဝယ်ထိန်းထားကြသည့်အတွက် လက်ရှိဈေးကျချိန်တွင် ပိုက်ဘောမိနေကြသည်ဟု ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

၎င်းတို့မှာ တစ်ကျပ်သားလျှင် ၃၁ သိန်းဝန်းကျင် ဈေးပေါက်ချိန်က ဝယ်ယူထားကြကြောင်း ၎င်းက ပြောသည်။

လက်ရှိ ပေါက်ဈေးအတိုင်း ပြန်ရောင်းပါက အရှုံးပေါ်နေသည့်အတွက် ပြန်မရောင်းကြတော့သည့် အခြေအနေကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်နည်းနေကြောင်း အထက်ပါ ရွှေဆိုင်ပိုင်ရှင်က ရှင်းပြသည်။

ထို့အပြင် ရွှေဈေးအတက်အကျကြမ်းနေသည့် အခြေအနေတွင် လက်လီဝယ်သူနှင့် ပြန်ရောင်းသူလည်း နည်းပါးနေသည်ဟုဆိုသည်။

“အရောင်းအဝယ်တန့် သွားတယ်ရှင့်၊ အဲဈေးနဲ့ ထုတ်မရောင်းကြတာရော ဝယ်မယ့်သူတွေကလည်း ထပ်ကျမလား စောင့်ကြည့်နေတာမျိုးရှင့်”ဟု အထက်ပါ ရွှေဆိုင်ပိုင်ရှင်က ပြောသည်။

ထို့အတူ ထိုင်းဘတ်နှင့် မြန်မာကျပ် လဲလှယ်နှုန်းလည်းကျလာပြီး တစ်ဘတ်လျှင် မြန်မာငွေကျပ် ၈၀ အောက်သို့ ကျသွားသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ ပေါက်ဈေးအရ ထိုင်းတစ်ဘတ်လျှင် ၇၈ ကျပ်အထိ ကျဆင်းသွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ရွှေနှင့် ထိုင်းဘတ်ဈေးကျသည့်နည်းတူ အမေရိကန်ဒေါ်လာဈေးလည်း ကျဆင်းနေပြီး တစ်ဒေါ်လာလျှင် သုံးထောင်ကျပ်ဝန်းကျင်သာ ဈေးပေါက်နေသည်။

မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာလဲနှုန်းကျနေခြင်းနှင့် ကမ္ဘာ့ရွှေဈေးကျနေခြင်းများကြောင့် မြန်မာ့ရွှေဈေးမှာ ဆက်လက်ကျဆင်းနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။