ထားဝယ် သပိတ်အိုးဈေးကွက် သုံးနှစ်ဆက်တိုက် ရောင်းအားကျ

0
3646
ယမန်နှစ် သီတင်းကျွတ်ပွဲတော်တွင် ဆီမီးပူဇော်နေသည်ကို တွေ့ရစဉ်/Dawei Watch

ကိုဗစ်နှင့် အာဏာသိမ်းမှုကြောင့် သီတင်းကျွတ် သပိတ်မျှောပွဲတော်နှင့် ဆီမီးထွန်းညှိပူဇော်ပွဲတော်ကို မလုပ်ကြတော့ သဖြင့် သပိတ်အိုးနှင့် ဆီမီးခွက်မှာ ရောင်းအား သုံးနှစ်ဆက်တိုက်ကျဆင်းနေကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

လက်မလည်အောင် ရောင်းကြရသည့် သပိတ်အိုးနှင့် ဆီမီးခွက်တို့မှာ ကိုဗစ်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တည်းက ပွဲတော်များ မလုပ်ရသဖြင့် ရောင်းအားကျဆင်းသွားပြီး စစ်အာဏာသိမ်းကာလတွင်ပါ ပွဲတော်များ မလုပ်ကြသဖြင့် ရောင်းအား ဆက်လက်ကျဆင်းနေဆဲဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

“အခုက သိပ်ပြီးတော့လည်း ရောင်းမထွက်ဘူး။ အရင်ကတော့ ညအထိလုပ်၊ မနားမနေလုပ်ရတယ်။အခုတော့ မလုပ်ရတော့ဘူး။ ဖောက်သည်တွေက အခြေအနေဘယ်လိုမျိုးလာမလဲ မသိဘူးဆိုပြီး နိုင်ငံရေးကိုပဲ ဦးတည်ပြီးပြောကြတယ်။ နယ်ဖောက်သည်တွေ ဝယ်နည်းသွားတယ်” ဟု ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်မှ အိုးလုပ်ငန်းလုပ်ကိုင်သူ မပန်းအိဖြူက ပြောသည်။

သပိတ်မျှောပွဲတော်နှင့် ဆီမီးတစ်ထောင် မီးထွန်းညှိပူဇော်ပွဲများရှိစဉ်က နှစ်စဉ် သပိတ်အိုးအလုံးရေ ၁၂၀၀၀ ခန့်နှင့် ဆီမီးခွက်မှာ ၅၀၀၀၀ ခန့်ရောင်းရကြောင်း ၎င်းက ဆိုသည်။

သို့သော် ကိုဗစ်စဖြစ်အချိန်မှစတင်ကာ တစ်နှစ်လျှင် သပိတ်အိုး အလုံးရေ ၆၀၀၀ ခန့်နှင့် ဆီမီးခွက် ၂၀၀၀၀ ကျော် ခန့်သာ ရောင်းရတော့ကြောင်း မပန်းအိဖြူက ပြောဆိုသည်။

ယခုနှစ်တွင်မူ စက်တင်ဘာလ နောက်ဆုံးအပတ်အထိ သပိတ်အိုးအလုံးရေ ၄၀၀၀ ခန့်နှင့် ဆီမီးခွက် ၂၀၀၀၀ ခန့်သာ ဈေးကွက်တွင် ရောင်းချထားပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကိုဗစ်နှင့် အာဏာသိမ်းကာလတွင် ပွဲတော်များမရှိခြင်း၊ လွတ်လပ်စွာသွားလာခွင့်မရခြင်း၊ စီးပွားရေးကျပ်တည်းခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် အိုးရောင်းအားကျဆင်းခြင်းဖြစ်ကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူတို့က ဆိုသည်။

အိုးလုပ်ရပ်ကွက်မှ အိုးလုပ်ငန်းရှင်အမျိုးသမီးနောက်တစ်ဦးကလည်း သပိတ်အိုး နှစ်သောင်းခန့်၊ ဆီမီးခွက် ငါးသောင်း ခန့် ရောင်းချနေရရာမှ သပိတ်အိုး ခုနှစ်ထောင်ခန့်နှင့် ဆီမီးခွက် သုံးသောင်းခန့်သာရောင်းရတော့ကြောင်း ပြောသည်။

“၈နာရီနောက်ပိုင်းဆို လမ်းလည်းထွက်မရဘဲ။ အခုက ကုန်ဈေးနှုန်းတွေအားလုံးက ဈေးကြီးနေတာဆိုတော့ ပျော်ပွဲ ရွှင်ပွဲ လျှော့တာပေါ့နော်။ လူတွေက စားဖို့အရေးကိုပဲ ဦးစားပေးကြတာပေါ့နော်။ ကျွန်မတို့ဟာက လုပ်မှရမယ် ဆိုတာ မျိုးလည်း မဟုတ်ဘဲကိုး” ဟု ၎င်းက ဆိုသည်။

ရောင်းအားကျဆင်းသွားသောကြောင့် အိုးလုပ်ငန်းတစ်ခုတည်းအပေါ်မှီပြီး ရပ်တည်ရန်ခက်ခဲလာသည်ဟု အိုးလုပ်ငန်း လုပ်ကိုင်သူအချို့က ပြောသည်။

နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်အခါသမယတွင် သပိတ်မျှောခြင်း၊ ဘုရားတွင် ဆီမီးပူဇော်ခြင်းများပြုလုပ်ခဲ့သော်လည်း ကိုဗစ်ကပ်ဘေးဖြစ်သည့်နှစ်မှစကာ သပိတ်မမျှောဖြစ်ကြောင်း ကြက်စားပြင်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီနှစ်လည်း မျှောဖြစ်မှာမဟုတ်ဘူး။ အဓိကတော့ ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေကြောင့် မမျှောဖြစ်တာ” ဟု ၎င်းက ဆိုသည်။

ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ်ကိုရည်စူးကာ ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကို သီတင်းကျွတ်လပြည့် နံနက်ပိုင်း တွင် ကျင်းပကြပြီး သီတင်းကျွတ်နေ့ အခါသမယတွင် လမ်းများ၊ အိမ်များ၊ စေတီပုထိုးနှင့် ဘုရားရင်ပြင်တွင် မြတ်စွာ ဘုရားရှင်အား ရည်စူး၍ ဆီမီးများထွန်းညှိကာ ပူဇော်ကြသည်။

သပိတ်အိုးတစ်လုံးလျှင် ၇၀၀ မှ ၈၀၀ ကျပ်ခန့်ရှိပြီး ဆီမီးခွက်တစ်ထောင်လျှင် ၄၅၀၀၀ မှ ၅၀၀၀၀ ကျပ်အထိ ရှိကြောင်း ဈေးကွက်အတွင်းက သိရသည်။

ယခုနှစ်တွင် တိုင်းစစ်ကောင်စီကမူ သပိတ်မျှောပွဲတော် ကျင်းပရန် စီစဉ်နေသည်။