မုန်တိုင်းအရှိန်ကြောင့် သီတင်းကျွတ်ကာလအထိ မိုးရွာမည်

0
4168

တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖုန်းမုန်တိုင်း “နိုရူ” (Noru) အရှိန်ကြောင့် တနင်္သာရီတိုင်းတွင် သီတင်းကျွတ်ကာလအထိ မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

တိုင်ဖုန်းမုန်တိုင်း “နိုရူ” (Noru)သည် ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့၏ အရှေ့ဘက် ရေမိုင် ၁၉၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် အပူပိုင်းမုန်တိုင်း “နိုရူ” (Noru)အဖြစ်သို့ အားလျော့သွားမည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

တိုင်ဖုန်းမုန်တိုင်း “နိုရူ” (Noru)၏ တိမ်တိုက်အကြွင်းအကျန်များကြောင့် တနင်္သာရီတိုင်းတွင် စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာဖြစ်ကြောင်း တိုင်းဒေသကြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူးက ပြောသည်။

“တိုင်ဖုန်းမုန်တိုင်း “နိုရူ”ရဲ့ တိမ်တိုက်အကြွင်းအကျန်တွေကြောင့်လေ ပြီးတော့ တောင်တရုတ်ပင်လယ်မှာ နောက်ထပ် မုန်တိုင်းက နှစ်လုံးလောက်ထပ်ဖြစ်ဖို့ရှိတယ်၊ မုန်တိုင်းအကြွင်းအကျန်ရဲ့ လေပွေလှိုင်းတွေကြောင့် လေဖိအားနည်းရပ်ဝန်းတွေက မြန်မာနိုင်ငံကိုရောက်လာနိုင်တယ်၊ ပြီးတော့ ဘင်္ဂလားပင်လယ်အော်ထဲမှာလည်း မုန်တိုင်းအဖြစ် အားပြုလာနိုင်တယ်” ဟု တိုင်းဦးစီးမှူးက ဆိုသည်။

မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် မြန်မာနိုင်ငံတောင်ပိုင်း ဒေသများတွင် မိုးသည်းထန်စွာရွာမည်ဖြစ်ပြီး အချို့ဒေသများတွင် ဒေသအလိုက် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်ဟု ၎င်းက ပြောသည်။

ယင်းသို့ မိုးသည်းထန်စွာရွာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင် အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့် ရှိနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။