ထိုင်းတောင်ပိုင်း ခရိုင်နှစ်ခုတွင် တရားမဝင်လာသော မြန်မာလုပ်သား တစ်ရာနီးပါး ဖမ်းဆီးခံရ

0
3914

ထိုင်းနိုင်ငံတောင်ပိုင်း ဖာတ်ထလုံနှင့် ရာလခရိုင်တို့တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၉၃ ဦး စက်တင်ဘာလ ၂၆ ရက် ညပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဖာတ်ထလုံခရိုင် အမြန်တွင် ဗန်ကားနှစ်စီးကို ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာတွင် အထောက် အထားမဲ့ မြန်မာအလုပ်သမား ၇၁ ဦးနှင့် ထိုင်းကားမောင်းသမား လေးဦးတို့ကို ဖမ်းမိခြင်းကြောင်း‌ ရေးသားထားသည်။

မြန်မာအလုပ်သမားများကို ပရာကျွတ်ခီရီခန်ခရိုင်မှ တစ်ဆင့် စွန်ခရာခရိုင် ဟတ်ယိုင်ဒေသတွင် Passport စာအုပ် ပြုလုပ်ရန် ပွဲစားတစ်ဦးက ငှားရမ်းခဲ့သဖြင့် ခေါ်ဆောင်လာခဲ့သည်ဟု ကားသမားက ရဲတပ်ဖွဲ့ထံ ထွက်ဆိုကြောင်း သတင်းများတွင် ဖော်ပြသည်။

ထိုခရီးစဉ်အတွက် ၎င်းကို ဘတ် ၄၀၀၀ ဖြင့်သာ ငှားရမ်းခဲ့ခြင်းဖြစ်ပြီး စွန်ခရာခရိုင်အတွင်းရောက်မှသာ ပွဲစားဆီသို့ ပို့ဆောင်ရမည့်နေရာ ပြန်မေးရန်ပြောဆိုထားသည်ဟု ဆက်လက်ထွက်ဆိုကြောင်း ဖော်ပြထားသည်။

ထိုင်း-မလေးရှားနယ်စပ်ဖြစ်သော ရာလခရိုင်တွင် ဘေတွန်းမြူနီစီပယ်ရုံးအနီး မောင်းနှင်လာသော ဗန်ကားနှစ်စီးကို ထိုင်းရဲတပ်ဖွဲ့က ည ၉ နာရီခန့်တွင် တားဆီးစစ်ဆေးရာတွင် မြန်မာအလုပ်သမား ၂၂ ဦးကို ဖမ်းမိခဲ့သည်ဟု ဆိုသည်။

၎င်းတို့အနက် ၂၀ ဦးတွင် Passport စာအုပ်ရှိနေပြီး ၂ ဦးမှာ စာအုပ် ပျောက်ဆုံးနေသည်ဟုလည်း ဖော်ပြသည်။

မြန်မာအလုပ်သမားများ၏ အဝတ်အစားများတွင် ရွှံ့များ ပေကျံနေပြီး အချို့တွင် ခြေထောက်နှင့် လက်များ၌ ထိခိုက်ဒဏ်ရာများ၊ အကောင်ကိုက်ထားသော အနာများတွေ့ရှိရကြောင်း ဖော်ပြထားသည်။

အဆိုပါ မြန်မာအလုပ်သမားများကို စွန်ခရာခရိုင် ဟတ်ယိုင်ဒေသမှတစ်ဆင့် ရာလခရိုင် ဘေတွန်းဒေသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်ပြီး မလေးရှားနိုင်ငံအတွင်းသို့ တောလမ်းအတိုင်း ဝင်ရောက်ခဲ့ကြသေးကြောင်း ရေးသားထားသည်။

သို့သော်လည်း မလေးရှားအာဏာပိုင်များနှင့် တွေ့ရှိခဲ့သဖြင့် နယ်စပ်ကို ဖြတ်ကာ ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်လာခဲ့ပြီး ပွဲစားမှ လာရောက်ယူချိန်တွင် ထိုင်းရဲက ဖမ်းမိသွားခြင်းဖြစ်သည်ဟု ဖော်ပြသည်။  

ထိုင်းကားသမားသည် ထိုခရီးစဉ်အတွက် ဘတ် ၅၀၀၀ ရရှိခဲ့ပြီး မြန်မာအလုပ်သမားများသည် တစ်ဦးလျှင် ဘတ် ၂၀၀၀၀ အထိ ကုန်ကျခဲ့ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများနှင့် ထိုင်းကားသမားများကို ထိုင်းဥပဒေအရ ဆက်လက်အရေးယူရန် ခရိုင် အတွင်းရှိ ရဲစခန်းများသို့ ပို့ဆောင်ခဲ့ပြီး လူကုန်ကူးခံရခြင်း ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Ref: MGR Online, Thairath, TERO